News

POST TYPE

NEWS

တာမွေတွင် ပိုက်ဆံအိတ်လုပြေးသူကို ရပ်ကွက်နေသူများက ဝိုင်းဖမ်း
25-May-2019
ရန်ကုန်၊ မေ ၂၅ 

တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှုလက်မှု (၃) လမ်းထိပ်တွင် အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်ကို ဆွဲလုယူပြေးသော အမျိုးသားတစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပိုက်ဆံအိတ်လုယက်ခံရသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးမှာ မေ ၂၃ ရက် ညနေ ၅ နာရီခွဲက ဗိုလ်တထောင်မြို့နယ်ရှိ ကုမ္ပဏီတစ်ခုတွင် သန့်ရှင်းရေးလုပ်ကိုင်ပြီး ၎င်းနေထိုင်သည့် မေတ္တာညွန့်ရပ်ကွက်သို့ပြန်လာစဉ် စက်မှုလက်မှု (၃) လမ်းထိပ်အရောက် အမည်မသိအမျိုးသားတစ်ဦးက အနားသို့ ရုတ်တရက်ရောက်လာပြီး လက်တွင်ချိတ်ဆွဲထားသည့် ပိုက်ဆံအိတ်ကို ဆွဲလုယူထွက်ပြေးခဲ့သည်။

“ပိုက်ဆံအိတ် အလုခံရတယ်လို့ အော်ဟစ်အကူအညီတောင်းတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့လူတွေက လုယက်မှုကျူးလွန်တဲ့အမျိုးသားကို ဝိုင်းဖမ်းခဲ့တာပါ”ဟု ရဲအရာရှိက ပြောကြားသည်။

လုယက်မှုကျူးလွန်သူမှာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ နှစ်အရွယ် စံလင်းဦး(ခ) ညီမင်းထွန်းဖြစ်ပြီး ၎င်းကို တာမွေမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03