News

POST TYPE

NEWS

ထိုင်းဆိပ်ကမ်းတစ်ခုတွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲ၊ လူ ၅၀ ကျော် ဒဏ်ရာရ
25-May-2019


ဘန်ကောက်၊ မေ ၂၅

ထိုင်းနိုင်ငံ ဆရီရာချာခရိုင်ရှိ လာအန်းချာဘန်းဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲခဲ့ပြီး လက်ရှိတွင် ယင်းနေရာတစ်ခုလုံးကို အန္တရာယ်ဇုန်အဖြစ် တာဝန်ရှိသူများက သတ်မှတ်ထားပြီဖြစ်ကြောင်း The Bangkok Post က ဖော်ပြထားသည်။

မီးလောင်ပေါက်ကွဲခဲ့သော သင်္ဘောသည် ဟောင်ကောင်ကုမ္ပဏီ KMTC Hongkong ကုမ္ပဏီက ပိုင်ဆိုင်သော သင်္ဘောဖြစ်ပြီး ယနေ့(စနေနေ့)နံနက်လင်းအားကြီးတွင် သင်္ဘောတွင် တင်ဆောင်လာသော ကုန်သေတ္တာတစ်ခုဆီမှနေ၍ ကျယ်လောင်သောပေါက်ကွဲသံကြီးကို ကြားရပြီးနောက် မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိပ်ကမ်းအရာရှိ ယတ်သာနာက ပြောကြားသွားခဲ့သည်။

မီးလောင်မှုဖြစ်စဉ်ကို လက်ရှိအချိန်တွင် ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး ကုန်တင်သင်္ဘောထက်တွင် တင်ဆောင်လာသည့် မည်သို့သောကုန်ပစ္စည်းက မီးလောင်မှုဖြစ်ပွားစေခဲ့သည်ဆိုသော အကြောင်းရင်းကိုမူ ထိုင်းရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူများက စစ်ဆေးနေကြဆဲဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ကား ၁၀ စီးကျော်ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူ ၅၀ ကျော်ကိုမူ ဆေးရုံသို့ တင်ပို့ထားပြီဖြစ်ကြောင်း ဆိပ်ကမ်းအရာရှိ ယတ်သာနာက ဆက်လက်အသိပေးသွားခဲ့သည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ဆိပ်ကမ်းလုပ်သားများဖြစ်ပြီး လက်မောင်း၊ မျက်နှာနှင့် ခြေထောက်စသည့်နေရာများတွင် မီးလောင်ဒဏ်ရာများ ရရှိထားကြသော်လည်း အသက်အန္တရာယ်ကိုမူ မစိုးရိမ်ရဟု တာဝန်ရှိသူများက ပြောကြားထားသည်။

E-11