News

POST TYPE

NEWS

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစာချုပ်ကို မြန်မာနှင့် UNHCR တို့ လက်မှတ်ရေးထိုး
25-May-2019

ဘန်ကောက်၊ မေ ၂၅

မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး သဘောတူညီမှုစာချုပ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း The Nation သတင်းမီဒီယာက ဖော်ပြထားသည်။

The Nation သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အထွေထွေဒါရိုက်တာဖြစ်သူ ဒေါက်တာကိုကိုနိုင်၏ ပြောကြားချက်များကို ကိုးကား၍ ယခုသတင်းကိုရေးသားခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရအာဏာပိုင်များနှင့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီတို့တွေ့ဆုံခဲ့ရာတွင် အကျိုးဖြစ်ထွန်းဖွယ်ရာ အချက်အလက်ပေါင်း များစွာကို သဘောတူညီမှုရရှိခဲ့ကြောင်း ဒေါက်တာကိုကိုနိုင်က အသိပေးထားသည်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီသည် လွန်ခဲ့သည့်တနင်္လာနေ့က စတင်ကာ မြန်မာနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ်ခရီး ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏ခရီးစဉ်မှာ တနင်္လာနေ့ကစတင်ကာ သောကြာနေ့တွင် အဆုံးသတ်သွားခဲ့သည်။

နှစ်ဦးနှစ်ဖက်တာဝန်ရှိသူများသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစာချုပ်ကို လွန်ခဲ့သည့် ကြာသပတေးနေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းလည်း UNHCR က သတင်းထုတ်ပြန်ထားသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုစာချုပ်အရ ကုလသမဂ္ဂ၏ ဒုက္ခသည်အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုမှာလည်း ပိုမိုမြင့်တက်လာတော့မည်ဖြစ်သည်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီသည် လွန်ခဲ့သည့်ကြာသပတေးနေ့က မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာအစိုးရ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့အကြား ၂၀၁၈ ခုနှစ် ဇွန်လက လက်မှတ်ရေးထိုးထားခဲ့သော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစာချုပ်ကို သက်တမ်း တိုးမြှင့်နိုင်ရန် ပြောဆိုခဲ့ပြီး ယခုတစ်ကြိမ်ချုပ်ဆိုလိုက်သော စာချုပ်၏သက်တမ်းမှာ သုံးနှစ်ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစာချုပ်ပါ သဘောတူညီချက်များအရ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်သို့ ကောင်းမွန်စွာ ပြန်လာနိုင်ရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး စသည်တို့ကို ဆောင်ရွက်ပေးသွားရမည်ဖြစ်သည်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီသည် ၎င်း၏ငါးရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဘင်္ဂါလီဒုက္ခသည်များနှင့် ဒေသခံရခိုင်လူမျိုးများကို သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းမှာ လွန်ခဲ့သည့်ဧပြီလနှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်ကာ မြန်မာနိုင်ငံအနေနှင့် ဘင်္ဂါလီဒုက္ခသည်များကို နိုင်ငံသားအခွင့်အရေးအပါအဝင် လွပ်လပ်စွာသွားလာခွင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ကြောင်း ပြောကြားခဲ့ဖူးသူဖြစ်သည်။

E-11