News

POST TYPE

NEWS

ကျူရှင်စာသင်ကျောင်းတစ်ခု အိန္ဒိယတွင် မီးလောင်၊ ကျောင်းသား ၂၃ ဦး သေဆုံး
25-May-2019
ဆူရတ်၊ မေ ၂၅ အိန္ဒိယနိုင်ငံတွင် ကျူရှင်စာသင်ကျောင်းတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုတွင် အနိမ့်ဆုံးအဖြစ် ကျောင်းသားဦးရေ ၂၃ ဦး အသက်ဆုံးရှုံးသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။ အသက်ဆုံးရှုံးသူ ၂၃ ဦးဟူသော အရေအတွက်သည် ကနဦး စစ်ဆေးတွေ့ရှိသော ပမာဏသာဖြစ်ပြီး လူမည်မျှသေဆုံးသည်၊ မည်မျှ ထိခိုက်ဒဏ်ရာရရှိသည်ကို အသေးစိတ်သိရှိနိုင်စေရန်အတွက် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။ သေဆုံးသူအများစုသည် ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး ၎င်းတို့မှာ မီးလောင်နေချိန်တွင် ကြောက်လန့်တကြားဖြင့် နီးစပ်ရာ ပြတင်းတံခါးများမှ ခုန်ချကြရာတွင် အဆောက်အအုံပေါ်မှ ပြုတ်ကျကာ အသက်သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ ယခုမီးလောင်မှုသည် ဂူဂျာရတ်ပြည်နယ် ဆူရတ်မြို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိထားသူ ၂၀ ဦးကို ဂူဂျာရတ်ဆေးရုံသို့ အရေးပေါ်အခြေအနေဖြင့် တင်ပို့ပေးလိုက်ပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက အသိပေးထားကြသည်။ အသက်ဆုံးရှုံးခဲ့ရသူ ကျောင်းသားအားလုံးသည် အသက် ၂၀ အောက် အရွယ်များဖြစ်ကြပြီး မီးလောင်မှုမှာ လှေကားတစ်ဝိုက်တွင် စတင်ဖြစ်ပွားခဲ့ခြင်းကြောင့် လူအားလုံးမှာ မီးအတွင်း ပိတ်မိသွားခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။ မီးလောင်မှု စတင်ဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိနိုင်စေရန် စစ်ဆေးမှုများ လုပ်ဆောင်နေရဆဲဖြစ်ပြီး သုံးရက်အတွင်း ယခုမီးလောင်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အသေးစိတ်အစီရင်ခံစာတစ်စောင်ကို တင်သွင်းနိုင်ရန် ၎င်းတို့အနေနှင့်ကြိုးပမ်းသွားမည်ဟု တာဝန်ရှိသူများက ပြောကြားထားသည်။ E-11