News

POST TYPE

NEWS

အင်ဒိုနီးရှားနိုင်ငံတွင် လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုများကို အစိုးရက ကန့်သတ်ပိတ်ပင်လိုက်ပြီဖြစ်
25-May-2019

ဂျကာတာ၊ မေ ၂၅

အင်ဒိုနီးရှားအစိုးရ အာဏာပိုင်များသည် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ နိုင်ငံတွင်း လူထုအုံကြွမှုများ ဖြစ်ပေါ်လာခဲ့အပြီးတွင် လူမှုကွန်ရက် မီဒီယာ အသုံးပြုမှုများကို ကန့်သတ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း Soyacincau.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို နားလည်မှု လွဲမှားဖွယ်ရာ သတင်းမှားထုတ်လွှင့်မှုများ ရှိလာခြင်း၊ အသုံးချ နိုင်ငံရေးလှည့်ကွက်များကို ပြည်သူလူထုအကြား ဖြန့်ဝေနေခြင်း စသည့်အခြေအနေများ ရှိလာခြင်းကြောင့် လူမှုကွန်ရက်မီဒီယာ အသုံးပြုမှုများကို အရေးပေါ် ကန့်သတ် ပိတ်ပင်ပစ်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးအပ်ထားသည်။

အင်ဒိုနီးရှားအစိုးရသည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ အပါအဝင် ဖေ့စ်ဘွတ်ခ်ကပင် ပိုင်ဆိုင်ထားသည့် Whats App နှင့် အင်စထရာဂရမ် အသုံးပြုမှုများကို ကန့်သတ်ပစ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူ အင်ဒိုနီးရှားနိုင်ငံသားများမှာ ဝိုင်ဖိုင်နှင့် မိုဘိုင်းဖုန်းဒေတာများကို အသုံးပြု၍ VPN ဟု ခေါ်တွင်သော ပုံရိပ်ယောင် ကိုယ်ပိုင် နက်ဝတ်ခ်ချိတ်ဆက်မှုကတစ်ဆင့် သတင်းများကို ဆက်လက် ဖြန့်ချိနေလျက်ရှိသည်။

အင်ဒိုနီးရှား ကာကွယ်ရေးဌာန ဝန်ကြီးချုပ် ဝီရန်တိုသည် လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်း အသုံးပြုမှုကို ကန့်သတ်တားမြစ်ထားကြောင်း အတည်ပြုထားပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ဖေ့စ်ဘွတ်၊ Whats App နှင့် အင်စထရာဂရမ်တို့ကို အသုံးပြု၍ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင် မျှဝေခြင်းများ ဆောင်ရွက်ရန် ခက်ခဲသွားသည့်အပြင် အသံမက်ဆေ့ချ် ပေးပို့ရန်ပင် မလွယ်ကူနိုင်အောင် ဖြစ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံသားများက အသိပေးထားပြီလည်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ၎င်းတို့အနေနှင့် အင်ဒိုနီးရှားနိုင်ငံတွင် လုံခြုံရေးစိုးရိမ်ရဖွယ် အခြေအနေများ ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရ၏တောင်းဆိုချက်အရ လူမှုကွန်ရက်စာမျက်နှာ အသုံးပြုခွင့်ကို အတိုင်းအတာ တစ်ရပ်အထိ ထိန်းချုပ်ပေးထားသည်ဟု ဖွင့်ဟဝန်ခံလိုက်ပြီး ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရသော ဗိုလ်ချုပ်ဟောင်း ဆူဘီယန်တိုကို ထောက်ခံသူများမှာ ရွေးကောက်ပွဲရလဒ်အပေါ် မကျေနပ်ခြင်းကြောင့် နေ့ညမပြတ် ဆန္ဒပြနေခြင်းဖြစ်သည်။

E-11