News

POST TYPE

NEWS

မိတ္ထီလာတွင် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများလဲပြိုပြီး လမ်းများပိတ်
25-May-2019

မိတ္ထီလာ၊ မေ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မေလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှစတင်၍ ကျရောက်ခဲ့သော မိုးသက်လေပြင်းကြောင့် မိတ္ထီလာ -မန္တလေး လမ်းမကြီးအထွက်နှင့် မိတ္ထီလာ-တောင်ကြီး လမ်းမကြီးအထွက်ဘက်ရှိ သက်တမ်းရင့် သစ်ပင်ကြီးများလဲပြိုပြီး ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံလူထုထံမှ စုံစမ်းသိရှိရသည်။

“အများဆုံးကတော့ ဇောင်ချမ်းကုန်း။ အာကာသရှေ့ ( မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်)။ ဇောင်ချမ်းကုန်းရွာရှေ့နဲ့ စိုက်ခြံကြားတွေထဲမှာ ဖြစ်တာများတယ်။ လူသုံးဖက်လောက် ကုက္ကိုပင် မိုးကြိုးခတယ်။ အဲဒီအပင်အောက်က ဆိုင်အဆောက်အအုံကိုပိတာ ရှိတယ်။ လူထိခိုက်တာ မရှိဘူး။ အခု မိုးချုပ်သွားပြီ လမ်းကလည်း ပွင့်သွားပြီဆိုတော့ ကျွန်တော်တို့ ခဏ နားလိုက်ပါပြီ။ လေးလမ်းမောင်းတဲ့ဟာကို ကားတစ်စီးစာလောက်ပဲ မောင်းလို့ရတာ့ ဟိုဘက်ယာဉ်တန်းရှင်းမှ ဒီဘက်ယာဉ်တန်းသွားရတယ်။ အဲဒီလမ်း ( မိတ္ထီလာ-မန္တလေးလမ်း) ကို ဦးစားပေး ရှင်းလိုက်တယ်။ လက်ရှိ ကားတွေ အန္တရာယ်ကင်းကင်းသွားလို့ရအောင် ကျွန်တော်တို့ လုပ်လိုက်တယ်”ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောကြားသည်။ 

အလားတူပင် မိတ္ထီလာမြို့တွင်း ရပ်ကွက်အချို့နှင့် ကျေးရွာများတွင်လည်း သစ်ပင်များ လဲပြိုခြင်း။ ကြော်ငြာဆိုင်းဘုတ်များ ပြုတ်ကျခြင်း။ အိမ်ခေါင်မိုးများလန်၍ ပြိုကျပျက်စီးခြင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်ဝိုင်းများတွင် ရေဝင်ခြင်းများ ရှိနေပြီး ပျက်စီးဆုံးရှုံးမှု စာရင်းများကို ကောက်ယူနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှ စုံစမ်းသိရှိရသည်။

R-01