News

POST TYPE

NEWS

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ရာထူးနုတ်ထွက်
24-May-2019



လန်ဒန်၊ မေ ၂၄

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ရာထူးကနုတ်ထွက်ပေးတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ထရီဇာမေမှာ လာမည့်ဇွန်လ ၇ ရက်နေ့တွင် ရာထူးနုတ်ထွက်လိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ထရီဇာမေသည် ဗြိတိန်သမိုင်းတွင် ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူထားခဲ့သူဖြစ်ပြီး ရာထူးသက်တမ်း သုံးနှစ်ပြည့်ခါနီးအချိန်တွင် ထရီဇာမေက ရာထူးနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ထရီဇာမေသည် သူမအနေနှင့် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခြင်းကို သူမဘဝအတွက် အကြီးမားဆုံးသော ဂုဏ်ပြုခံရမှုဟု မှတ်ယူပါကြောင်း ရာထူးနုတ်ထွက်ကြောင်း ကြေညာချက်ထုတ်ပြန်ချိန်တွင် အသိပေးသွားခဲ့ပြီး လက်ရှိအချိန်တွင် ထရီဇာမေ၏နေရာကို အစားဝင်မည့် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရခြင်း မရှိသေးကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

အောက်လွှတ်တော်နာယက အန်ဒရေးလိဒ်ဆန်းသည်လည်း လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့က ရာထူးနုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အခြားသော ဝန်ကြီးများဖြစ်ကြသည့် ဆာဂျစ် ဂျာဗစ်၊ ဂျရမီဟန့်၊ ခရစ္စ ဂရေးလင်းနှင့် ဒေးဗစ်မန်ဒဲလ်တို့မှာလည်း ရာထူးနုတ်ထွက်ဖွယ် အခြေအနေများရှိနေသည်။

အာဏာရ ကွန်ဆာဗေးတစ်ပါတီသည် ဝန်ကြီးချုပ်အသစ်ကို ဇွန်လ ၇ ရက်နေ့မတိုင်မီတွင် ရွေးချယ်လိမ့်မည်ဖြစ်ပြီး ဗြိတိန်သို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလည်အပတ်ခရီးလာရောက်ချိန်တွင်မူ ထရီဇာမေမှာ ဝန်ကြီးချုပ်အဖြစ် ရှိနေလိမ့်ဦးမည်ဖြစ်သည်။

ထရီဇာမေသည် သူမဦးဆောင်စီစဉ်ခဲ့သော ဘရိတ်ဇစ် (ဥရောပသမဂ္ဂလက်အောက်မှနေ၍ ဗြိတိန်ခွဲထွက်ရေး အစီအစဉ်) ကို အတိုက်အခံ လေဘာပါတီဘက်ကသာမကဘဲ သူမ၏ကွန်ဆာဗေးတစ်ပါတီဘက်ကပါ ကန့်ကွက်မှုများရှိလာခဲ့ပြီးနောက် ဖိအားများဖြင့် အဆက်မပြတ် ရင်ဆိုင်လိုက်ရပြီး အဆုံးသတ်တွင် ယခုကဲ့သို့ ရာထူးနုတ်ထွက်လိုက်ရသည်အထိ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

E-11