News

POST TYPE

NEWS

လာရောက်ဝန်းရံသူ နှစ်ရာခန့် ဝင်ခွင့်မရ၍ ဦးနေမျိုးဇင် တရားခွင့်ကို သပိတ်မှောက်
24-May-2019


တိုက်ကြီး၊ မေ ၂၄

တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းစေရန် ဟောပြောခဲ့သည်ဟုဆိုကာ တရားစွဲခံရသော ဦးနေမျိုးဇင်ကို တိုက်ကြီးတရားရုံး၌ ယနေ့မွန်းလွဲပိုင်းက (၄) ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ လာဝန်းရံသူ နှစ်ရာခန့်ကို တရားရုံးအတွင်း ဝင်ခွင့်မပြုသဖြင့် ဦးနေမျိုးဇင်က တရားခွင်ကို ၄၅ မိနှစ်ခန့် သပိတ်မှောက် ဆန္ဒပြခဲ့သည်။

“တရားခွင်ကိုဒီနေ့ မစစ်ဆေးဖြစ်ပါဘူး၊ အဓိက မီဒီယာကိုတွေ့ခွင့်ပေးရေး၊ ဝန်းရံသူတွေနဲ့ တွေ့ခွင့်ပေးရေးကို တောင်းဆိုတာနဲ့ စစ်ဆေးမူ မပြုလုပ်ပါဘူး။ကိုနေမျိုးဇင်ကို ရဲ ၁၀ ယောက်က မခေါ်ပြီး ရဲကားထဲကိုခေါ်သွင်းသွားတာပါ”ဟု ဦးနေမျိုးဇင် ဇနှီးဖြစ်သူ ဒေါ်ဇင်မျိုးမော်က ပြောသည်။



ဦးနေမျိုးဇင်ကို လာရောက် ဝန်းရံသူများက “ပြည်သူက ပေးသော သူရဲကောင်းဆု”စာတမ်းပါ ဓာတ်ပုံကိုင်ဆောင်၍ ဦးနေမျိုးဇင် လွတ်မြောက်ပါစေ တီရှပ်များ ဝတ်ဆင်ခဲ့ကြသည်။

“ကျွန်တော်တို့ အထက်အမိန့်အရ ဦးနေမျိုးဇင်ရုံးထုတ်ကို အကျိုးဆောင်ရှေ့နေနှင့် သူမိသားစုကလွဲ၍ ဘယ်သူကိုမှ ဝင်ခွင့်မပေးပါဘူး ညွှန်ကြားချက်ကြောင့်ပါ၊ မီဒီယာတော့ ဝင်ခွင့်ပေးထားပါတယ်” ဟု တိုက်ကြီးတရားရုံးတွင် လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ကြပ်တစ်ဦးက ဆိုသည်။

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့တွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုထောက်ခံပွဲ၌ စာရေးဆရာထင်လင်းဦး၊ ကိုနေရဲ (ခ) ကိုနန္နအောင်နှင့် ဦးနေမျိုးဇင်တို့က ဟောပြောခဲ့ကြရာ ဦးနေမျိုးဇင်မှာ တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကျဆင်းစေရန်နှင့် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ဟောပြောခဲ့သည်ဟုဆိုကာ တိုက်ကြီးမြို့အမှတ် (၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ ဒုတိယဗိုလ်မှူးကြီးတိုးလင်းက တရားလိုပြုကာ ပုဒ်မ ၅၀၅ (က)/(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကို ဇွန်လ ၇ ရက်နေ့သို့ ထက်မံချိန်းဆိုလိုက်ကြောင်း တိုက်ကြီးမြို့နယ် တရားရုံးမှ တာဝန်ရှိသူက ပြောသည်။

R-19




  • VIA