News

POST TYPE

NEWS

သားနှစ်ယောက်အသတ်ခံရမှုအတွက် လားဟူလူမျိုးစု မိခင်နှစ်ယောက်က ဘတ် ၁၁ သန်းလျော်ကြေးရလိုမှုဖြင့် ထိုင်းစစ်တပ်ကို တရားစွဲ
23-May-2019



ဘန်ကောက်၊ မေ ၂၃

လားဟူလူမျိုးစုနွယ်ဝင် မိခင်နှစ်ဦးသည် သားနှစ်ယောက်ကို ထိုင်းစစ်သားများက သတ်ဖြတ်ခဲ့သည့်အတွက် တော်ဝင်ထိုးတပ်မတော်ကို တရားစွဲဆိုလိုက်ပြီဖြစ်ပြီး ယင်းမိခင်နှစ်ဦးက သားများအသတ်ခံရမှုအတွက် နစ်နာကြေးပမာဏ ဘတ် ၁၁ သန်း တောင်းခံထားကြောင်း The Nation က ဖော်ပြထားသည်။



အေဘီဆေးမူးနှင့် ချိုင်းယာပန်းပါဆေး အမည်ရ လားဟူလူမျိုးစုနွယ်ဝင် လူငယ်နှစ်ဦးသည် ၂၀၁၇ ခုနှစ်က ထိုင်းစစ်သားများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပြီး လားဟူလူမျိုးစုမှာ ထိုင်းနိုင်ငံ၏လူနည်းစုဝင်များအနက်တွင် တစ်စုအပါအဝင်ဖြစ်သည်။

အေဘီဆေးမူးနှင့် ချိုင်းယာပန်းပါဆေးတို့၏မိသားစုများကို ကိုယ်စားပြုကာ ယခုအမှုကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ ရတ်ဆာဒါးသည် ဘန်ကောက်မြို့ရှိ ပြည်သူ့တရားရုံးတွင် အစိုးရရှေ့နေများကို ယခုအမှုအတွက် တရားမျှတမှုကို ရှာဖွေပေးပါရန် တိုက်တွန်းတောင်းဆိုသွားခဲ့ပြီး ချင်းမိုင်စီရင်စုတရားရုံးကလည်း ၎င်းတို့အနေနှင့် အမှုကို စစ်ဆေးရာတွင် အေဘီဆေးမူးနှင့် ချိုင်းယာပန်းပါဆေးတို့မှာ ထိုင်းစစ်သားများ၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အထောက်အထားများတွေ့ရှိခဲ့ရသည်ဟု ထောက်ခံအတည်ပြုထားပြီဖြစ်သည်။



အေဘီဆေးမူးနှင့် ချိုင်းယာပန်းပါဆေးတို့သည် ချင်းမိုင်စီရင်စုရှိ ဒန်ရင်းလောင်းစစ်ဆေးရေးဂိတ်နေရာတွင် တစ်လသာခြား၍ ပုံစံတူ ပစ်သတ်ခံခဲ့ကြရခြင်းဖြစ်ပြီး အေဘီဆေးမူး၏မိသားစုမှာ နစ်နာကြေး ဘတ်ခုနစ်သန်း၊ ချိုင်းယာပန်းပါဆေး၏မိသားစုမှာ နစ်နာကြေး ဘတ်လေးသန်းတောင်းဆိုထားကြောင်း ရှေ့နေဖြစ်သူ ရတ်ဆာဒါးက ရှင်းပြထားသည်။

ရှေ့နေဖြစ်သူ ရတ်ဆာဒါးသည် ရဲတပ်ဖွဲ့တာဝန်ရှိသူများဘက်က ယခုအမှုအပေါ် ဖုံးကွယ်ထားမှုများရှိခဲ့သည်ကိုလည်း တရားရုံးတော်ထံတင်ပြထားပြီး အရပ်ဘက်တရားရုံးတွင် ပွင့်လင်းမြင်သာသော တရားစီရင်မှုမျိုးဖြစ်ရန် ၎င်းတို့အနေနှင့် လိုလားကြောင်း ရတ်ဆာဒါးက ပြောကြားထားသည်။

ရှေ့နေ ရတ်ဆာဒါးသည် ယခုအမှု၌ ရဲတပ်ဖွဲ့ဘက်က ဖုံးကွယ်ထားမှုများရှိနေကြောင်း၊ စစ်ဆေးရေးဂိတ်နေရာရှိ စီစီတီဗီမှတ်တမ်းများ ပျောက်ဆုံးနေသည်မှာလည်း သံသယ၀င်စရာကောင်းကြောင်း၊ သာမန်ပြည်သူများ တိုက်ရိုက်သွားရောက်ခွင့် မရှိသော စစ်ခုံရုံးတွင် အမှုကိုစီရင်သည်မှာ လက်သင့်ခံနိုင်ဖွယ်ရာ မဟုတ်ကြောင်းလည်း ထောက်ပြပြောဆိုထားသေးသည်။

E-11