News

POST TYPE

NEWS

အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲကြီး အမြန်ဆုံးအဆုံးသတ်ပေးရန် နာမည်ကျော် အမေရိကန်ဖိနပ်ကုမ္ပဏီကြီးများ သမ္မတထရမ့်ကို မေတ္တာရပ်ခံ
23-May-2019



ဝါရှင်တန်၊ မေ ၂၂ 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးစစ်ဖြစ်နေသည့် ကိစ္စကို အမြန်ဆုံးရပ်ဆိုင်းပေးရန် ကမ္ဘာကျော် ဖိနပ်ကုမ္ပဏီကြီး နှစ်ခုဖြစ်သော Nike နှင့် Adidas တို့က သမ္မတဒေါ်နယ်ထရမ့်ကို အကြံပြုတိုက်တွန်းပြီး ယင်းသို့ တရုတ်နှင့်ကုန်သွယ်ရေးစစ်ဖြစ်နေခြင်းသည် ဝယ်ယူသုံးစွဲသူပြည်သူများအပေါ် ဆိုးရွားသည့် ဂယက်ကြီးရိုက်ခတ်မှုရှိသည်ဟု သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 



ကမ္ဘာကျော် Nike နှင့် Adidas တို့ အပါအဝင် ကုမ္ပဏီပေါင်း ၁၇၃ ခုက စာတစ်စောင်ကို လက်မှတ်ရေးထိုးကြပြီး သမ္မတထရမ့်ထံသို့ ပေးပို့ရာတွင် သွင်းကုန် ခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် ထရမ့်၏ဆုံးဖြတ်ချက်ကြောင့် အလုပ်သမား လူတန်းစားများအပေါ် ဂယက်မျိုးစုံရိုက်ခတ်စေသည်ဟု ဖော်ပြထားသည်။ အခွန် အဆမတန်စည်းကြပ်မှုက စီးပွားရေးလုပ်ငန်းအချို့၏ အနာဂတ်ကို ခြိမ်းခြောက်လျက် ရှိသည်ဟုလည်း ထောက်ပြသည်။

ယခုအချိန်သည် အဆိုပါကုန်သွယ်ရေးစစ်ပွဲကြီး အဆုံးသတ်အောင်လုပ်ကိုင် ရမည့်အချိန်ပင်ဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီကြီးများက တိုက်တွန်းသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ရရှိရန် ကြိုးပမ်းချက်များ ပျက်ပြားသွားခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်က အမေရိကထဲသို့ တင်သွင်းသော တရုတ်ထုတ်ကုန်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံနေရာမှ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည်။ ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိသည့် တရုတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့် စည်းကြပ်လိုက်ခြင်းဖြစ်သည်။ 

အဆိုပါကိစ္စကို လက်တုံ့ပြန်သည့်အနေနှင့် အမေရိကမှတင်ပို့ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိသည့် ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံလိုက်သည်။ 

သမ္မတထရမ့်ထံ လက်မှတ်ရေးထိုး စာပေးပို့ကြသည့် ဖိနပ်ကုမ္ပဏီကြီးများတွင် နာမည်ကျော် Clark၊ Dr Martens နှင့် Converse တို့လည်း ပါဝင်သည်။ 

အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းသည် အလုပ်လုပ်နေကြသည့် အမေရိကန်မိသားစုအချို့အနေနှင့် သူတို့ စီးနင်းမည့်ဖိနပ်များကို အခွန် ၁၀၀ ရာခိုင်နှုန်း ပေးဆောင်နေရသည့် သဘောမျိုးဖြစ်နေသည်ဟုလည်း စာထဲတွင် ထောက်ပြထားသည်။ ယခုကိစ္စသည် လွန်စွာနက်နဲလွန်းသည်ဟု ဆက်လက်ဖော်ပြသည်။ 

ယခုလအစောပိုင်းတွင် သမ္မတထရမ့်က သွင်းကုန်များအပေါ် အခွန်စည်းကြပ်လိုက်ချိန်တွင် ၎င်းက အမေရိကန်ကုမ္ပဏီများအနေနှင့် ကုန်ထုတ်လုပ်မှုများကို အခြားနိုင်ငံများတွင် မပြုလုပ်ဘဲ အမေရိကန်ပြည်ထောင်စုထဲသို့ ရွှေ့ပြောင်းလာကြရန် ပြောဆိုခဲ့သည်။ 

F-01