News

POST TYPE

NEWS

ကျေးရွာသုံးထင်းစိုက်ခင်းကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူနှစ်ဦး အပါအဝင် ၅ ဦးကို အမှုဖွင့်
22-May-2019


မိတ္ထီလာ၊ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မယ်ညိုတောင်ကြိုးဝိုင်းအတွင်းရှိ ကျေးရွာသုံးထင်းစိုက်ခင်းဧက ၁၀၀ ကို ထွန်စက်သုံးစီးဖြင့် ဝင်ရောက်ဖျက်ဆီးသည်ဟုဆိုကာ ဒေသခံတောင်သူနှစ်ဦးနှင့် ထွန်စက်မောင်းသူသုံးဦး (စုစုပေါင်းငါးဦး) ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနက မေလ ၂၀ ရက်နေ့က အမှုဖွင့်ထားကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။ 

ဖြစ်စဉ်မှာ မလှိုင်မြို့နယ်၊ နတ်စဉ် ကုန်းကျေးရွာအုပ်စု၊ မယ်ညိုတောင်ကြိုး ဝိုင်း အကွက်အမှတ် (၇) အတွင်းရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မိုးရာသီတွင် တည်ထောင်စိုက်ပျိုးထားရှိသော ၁/၂၀၁၈ ကျေးရွာသုံး ထင်းစိုက်ခင်းဧက ၁၀၀ အတွင်းသို့ ဘဏ္ဍာစိုးကျေးရွာနေ ဦးဆန်းဝင်း၊ ညောင်ပင်သာကျေးရွာနေ ဦးစံဌေးတို့နှစ်ဦးကဦးဆောင်၍ လယ်ယာသုံး ထွန်စက်သုံးစီးဖြင့် ဝင်ရောက်ကာ ယူကလစ်ရှား စိုက်ပျိုးပင်များကို ဝင်ရောက်ဖျက်ဆီး ထယ်ထိုးခြင်းများကိုဆောင်ရွက်ခဲ့ရာ ထင်းစိုက်ခင်းဧက ၂၀ ခန့်ဆုံးရှုံးခဲ့ခြင်းကြောင့် ဦးဆန်းဝင်း၊ ဦးစံဌေးနှင့် အမည်မသိထွန်စက်မောင်းသူ သုံးဦးတို့ကို မလှိုင်မြို့မရဲစခန်းက (ပ)၁၁၇/၂၀၁၉ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“မြေက ကျွန်တော်တို့ရဲ့မြေပါ။ ပဲစင်းငုံခင်းကို မီးနဲ့ရှို့ပြီး သူတို့က ဒီ၂၀၁၈ မှာ ဇွတ်ဝင်စိုက်တာ။ ကျွန်တော်တို့က ပြန်ထွန်တာ ပြန်စိုက်တာကို သူတို့က ဖျက်ဆီးတယ်ဆိုပြီး တရားစွဲတာပါ”ဟု တောင်သူ ဦးဆန်းဝင်းက ပြောဆိုသည်။ 

ထို့ပြင် လယ်ယာကုန်ထုတ်မှတ်တမ်း၊ တောင်သူတစ်ဦးချင်း လယ်ယာမြေလုပ်ပိုင်ခွင့်စာအုပ်နှင့် ပုံစံ ၇ ရှိသူများလည်းရှိပြီး တောင်သူစုစုပေါင်း ၂၇ ဦး ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ထွန်စက်တွေနဲ့ သူတို့အပင်တွေကို ဝင်ဖျက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော့်အကွက်ထဲမှာ သူတို့စိုက်တာတွေက မအောင်မြင်လို့ အပင်မရှိပါဘူး”ဟု ဦးဆန်းဝင်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါနေရာတွင် ဒေသခံတောင်သူများ ဓားမဦးချ လုပ်ကိုင်စားနေသည်မှာ နှစ်ပေါင်း ၂၅ နှစ်မှ လေးဆယ်ကျော်အထိ ရှိနေပြီဖြစ်ပြီး အခွန်ပြေစာများလည်းရှိကြောင်း၊ ယမန်နေ့က တောင်သူများကိုဖမ်းဆီးရန် ခေါ်ဆောင်သော်လည်း သီးနှံစိုက်နေဆဲဖြစ်၍ ငြင်းဆန်ခဲ့ပြီး မေလ ၂၃ ရက်နေ့ နံနက်တွင် ရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်ထားသည့်အတွက် တောင်သူ ၂၇ ဦးလုံး အတူသွားရောက်ကြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

R-01