News

POST TYPE

NEWS

ချောက်မြို့မဈေးတွင် လျှပ်စစ်မီး စနစ်တကျမသုံးပါက စည်ပင်ဥပဒေဖြင့်တရားစွဲမည်
22-May-2019

ချောက်၊ မေ ၂၂

ချောက်မြို့ရှိ မြို့မဈေးတွင် လျှပ်စစ် မီးကို စနစ်တကျ မသုံးစွဲပါက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးအဖွဲ့များ ဥပဒေဖြင့် တရားစွဲမည်ဖြစ်ကြောင်း ယင်းမြို့စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောဆိုသည်။

“တတိယအကြိမ်ကျရင်တော့ ဈေးစည်းကမ်းအရ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးအဖွဲ့များဥပဒေဖြင့် တရားရုံးတင်လိုက်မယ်”ဟု ၎င်းက ပြောကြားသည်။

မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးကို မေလ ၂၂ ရက်က ဒုတိယအကြိမ် စစ်ဆေးမှုတွင် လျှပ်စစ်မီး အသုံးပြုနေသော ဈေးဆိုင်ခန်း ၂၅ ခန်းက နှစ်ပင်လိမ် ဝါယာကြိုးများကို ခွေထားပြီးသုံးစွဲခြင်း၊ ချို့ယွင်းနေသော မီးပလပ်ခုံများဖြင့်သုံးစွဲခြင်း၊ အမိုးအကာဖြစ်သည့် ထရံ၊ ကတ်ထူပြားတို့ကြားတွင် လျှပ်စစ်ကြိုးလိုင်း သွယ်တန်းအသုံးပြုနေခြင်းတို့ ထပ်မံတွေ့ရှိ၍ တတိယအကြိမ် စစ်ဆေးမှုတွင်တွေ့ရှိပါက တရားစွဲဆိုသွားမည်ဟု သတိပေးပြောဆိုခြင်းဖြစ်သည်။

ဖေဖော်ဝါရီလက ပထမအကြိမ် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးရာတွင် ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိ၍ ဈေးဆိုင်ခန်းပိုင်ရှင်များကို ဈေးရုံးခန်းတွင်ခေါ်ပြီး ပြန်လည်ပြုပြင်ရန် ဝန်ခံကတိလက်မှတ်ထိုးထားရှိကြောင်းနှင့် ယခုအခါတွင် ၇ ရက်အတွင်း ပြန်လည် အသစ်ပြုပြင်ရန် ဝန်ခံလက်မှတ်ရေးထိုးထားကြောင်း ယင်းစစ်ဆေးရေးအဖွဲ့မှ သိရသည်။

ယင်းမြို့ မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိုးညွှန့်က“မီးဘေးလုံခြုံရေးအတွက် အဓိကထား ဆောင်ရွက်တာ။ ရာသီဥတုက ပူပြင်းလာတဲ့အခါမှာ ပန်ကာတွေသုံးမယ်။ Air Cooler တွေ သုံးမယ်။ အဲလိုသုံးနေတဲ့အတွက် ဝန်အားမမျှမှာ စိုးတဲ့အတွက် စစ်ဆေးမှုဆောင်ရွက်ခြင်းဖြစ်တယ်”ဟု ပြောကြားသည်။

မြို့မဈေးတွင် မီးငြှိမ်းသတ်ရန်ထားရှိသော မီးသတ်ဆေးဘူးများ ကောင်း၊ မကောင်း၊ ဒန်းရှင်း မီးသတ်စက်များ စစ်ဆေးခြင်း၊ ရေသိုလှောင်ကန်များ စစ်ဆေးခြင်းနှင့် အမှိုက်သန့်ရှင်းခြင်းရှိ၊ မရှိစစ်ဆေးပြီး စစ်ဆေးရေးအဖွဲ့တွင် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည်။

R-24