News

POST TYPE

NEWS

သာကေတ ၃ ရပ်ကွက်ပြည်သူပိုင်အားကစားကွင်းပြန်မရပါက ဆန္ဒပြမည်
22-May-2019

ရန်ကုန်၊ မေ ၂၂

ပြည်သူပိုင် အားကစားကွင်းမြေ ပြန်လည်ရရှိရေးနှင့် အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ဒေသခံလေးဦးကို တရားစွဲဆိုမှု ရုပ်သိမ်းပေးရေးအတွက် သတင်းစာရှင်းလင်းပွဲကို ယနေ့ (မေ ၂၂ ရက်) တွင် သာကေတမြို့နယ် ၃ ရပ်ကွက် ဓမ္မာရုံတွင်ပြုလုပ်ခဲ့ပြီး တောင်းဆိုချက်များကို မလိုက်လျောပါက ဆန္ဒပြမည်ဖြစ်ကြောင်း အားကစားကွင်းဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွဋ်ကျော်ကပြောသည်။

“မြေအငြင်းပွားနေတာကိုလည်း အမှန်အကန် ဖြစ်ချင်တယ်။ အမှုကိုမရုပ်သိမ်းပေးရင် ရပ်ကွက်နေ ပြည်သူတွေဆန္ဒကတော့ ဆန္ဒဖော်ထုတ်ဖို့ စီစဉ်မယ်”ဟု ၎င်းကဆိုသည်။

ယခင်လက အငြင်းပွားနေသော မြေနေရာတွင် တရားပွဲပြုလုပ်စဉ် နေရာမလွတ်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စာသင်ကျောင်း အုတ်တံတိုင်းကို ဖြို့ချခဲ့သည့်အတွက် ကျောင်းအုပ်ဆရာမကြီးမှ အုပ်ချုပ်ရေးမှူး အပါအဝင် ၄ ဦးကို ပုဒ်မ ၆၁ ဖြင့်တရားစွဲထားပြီး မြို့နယ်ထွေအုပ်မှလည်း အဆိုပါ အုပ်ချုပ်ရေးမှူးကို ရာထူးမှထုတ်ပယ်ခဲ့သည်။

အုတ်တံတိုင်းဖြိုချခဲ့သော မြေနေရာသည့် ရပ်ကွက်ပိုင် အားကစားကွင်းဖြစ်ပြီး စာသင်ကျောင်းမှ ကျူးကျော်ထားခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက စွပ်စွဲထားသည်။

“အုပ်ချုပ်ရေးမှူး ကောင်းတစ်ယောက်ရဖို့ မလွယ်ဘူး။ ရပ်ကွက်များစွာ နစ်နာမှုရှိတယ်။ အမှုမှန်ကိုမဖော်ထုတ်ဘဲ ဌာနဆိုင်ရာက အုပ်ချုပ်ရေးမှူး ရာထူးက ဖယ်ရှားတာအတွက် စိတ်မကောင်းဘူး”ဟု ၃ ရပ်ကွက်ဒေသခံ ဒေါ်တင်အေးရီးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အ.လ.က (၆) ကျောင်းအုပ်ဆရာမကို The Voice မှ ဆက်သွယ်သော်လည်း ကျောင်းအုပ်ဆရာမကြီး သင်တန်းတက်နေသော်ကြောင့် ကျောင်းတွင်းမရှိကြောင်း စာရေးဖြစ်သူ ဒေါ်ချိုကပြောသည်။

အုတ်တံတိုင်းဖြိုချခဲ့သဖြင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းကြိုင်ကို အထွေထွေအုပ်ချုပ်ရေးမှူးက ရာထူးမှဖယ်ရှားခဲ့သည့်အတွက် ဒေသခံများ မေ ၃ ရက်က ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

J-18