News

POST TYPE

NEWS

မိုင်းသင်တန်းတွင် မိုင်းအစစ်နှင့်အတု မှားသုံးမိပြီး ပေါက်ကွဲမှုဖြစ်၊ တပ်ဖွဲ့ဝင် ရှစ်ဦး ဒဏ်ရာရ
21-May-2019
မန္တလေး၊ မေ ၂၁

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပို့ချလျက်ရှိသည့် မိုင်းသင်တန်းတွင် မိုင်းအစစ်နှင့်အတု မှားယွင်းအသုံးပြုမိ၍ ပေါက်ကွဲကာ သင်တန်းသားရှစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပို့ချလျက်ရှိသည့် မိုင်းအမျိုးအစား၊ မိုင်းရှာဖွေရှင်းလင်းခြင်း (ဆင့်ပွား) သင်တန်းတွင် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းသင်ခန်းစာကို ပလတ်စတစ်မိုင်းအတုဖြင့် ပြုလုပ်ရမည်ဖြစ်သော်လည်း မိုင်းအစစ်ဖြင့် မှားယွင်းအသုံးပြုမိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မှားယွင်းအသုံးပြုထားသည့် မိုင်းအစစ်ကို ရဲသင်တန်းသားတစ်ဦးက နင်းမိရာမှ ပေါက်ကွဲသွားခဲ့ပြီး သင်တန်းနည်းပြ၊ သင်တန်းသား ရှစ်ဦးဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူရှစ်ဦးလုံးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လာသော်လည်း သုံးဦးကိုသာ ဆေးရုံတင်ထားရပြီး ငါးဦးမှာ ဆေးရုံတက်စရာမလိုသည့်အတွက် ဆင်းသွားပြီဖြစ်ကြောင်း၊ ဆေးရုံတက်ရသူ သုံးဦးတွင် မိုင်းနင်းမိသူ သင်တန်းသား၏ ခြေထောက်မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနထံမှ သိရသည်။

M-04




  • VIA