News

POST TYPE

NEWS

လှိုင်သာယာရှိ မြေဧက သုံးရာတွင် ကျူးကျော်များကို အစားထိုးနေရာချထားပေးရန် စီစဉ်
21-May-2019


ရန်ကုန်၊ မေ ၂၀

စမတ်ကတ်ရရှိထားသော လှိုင်သာယာမှ ကျူးကျော်များကို ယင်းမြို့နယ်အတွင်း ဧကသုံးရာခန့်ရှိသည့် မြေကွက်လပ်တစ်ခုတွင် အစားထိုးနေရာချထားပေးရန် စီစဉ်နေကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ မြေဧက သုံးရာတွင် ကျူးကျော်များကို နေရာချပေးရန်အတွက် လှိုင်သာယာ လွှတ်တော်ကိုယ်စားလှယ်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆွေးနွေးရန် လိုအပ်သေးကြောင်း ၎င်းက ဆိုသည်။

“တိုင်းအစိုးရအဖွဲ့က ကျူးကျော်တွေကို မြေနေရာချပေးဖို့ စီစဉ်နေတုန်းပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ကြီးချုပ်နဲ့တွေ့တဲ့ အချိန်မှာ ဒီလိုမျိုးဆောင်ရွက်ဖို့ပြောတယ်။ ဆောင်ရွက်တဲ့နေရာမှာ အသေးစိတ်တွေ ဆွေးနွေးဖို့ လိုပါသေးတယ်။ ဘယ်နေရာပေါ်မှာ ကျူးကျော်တွေကို ဘယ်လိုပုံစံမျိုးထားမလဲ၊ ဆောက်မလဲဆွေးနွေးဖို့ ရှိပါသေးတယ်”ဟု ဦးမြတ်မင်းသူက ပြောသည်။

ယင်းသို့ နေရာချထားပေးရာတွင် ကျူးကျော် စမတ်ကတ်ရရှိထားသူများ၊ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိ သူများနှင့် မီးဘေးသင့်ပြည်သူများကို ဦးစားပေး နေရာချထားရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေ နှင့် ရန်ကုန်ရှိ ကျူးကျော်များနေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာကား လမ်းအနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၈၀၀ တွင် ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း လှိုင်သာယာမြို့နယ်တွင်းရှိ ကျူးကျော်စမတ်ကတ်ရရှိသူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် ကျူးကျော်နေထိုင်သူအများ ဆုံးရှိကာ ကောက်ယူရရှိထားသည့် စာရင်းများအရ လှိုင်သာယာတွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်းကျော်နေထိုင်လျက်ရှိကြောင်း ကျူးစာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်းကောက်ယူမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပြီးစီးခဲ့ကာ ရန်ကုန်တိုင်းရှိမြို့နယ် ၃၇ မြို့နယ်မှ ကျူးကျော် အိမ်ထောင်စုပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ် ပေးခဲ့ကြောင်း ကျူးစာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

J-10