News

POST TYPE

NEWS

အဂတိဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် မိုးညို လ.ဝ.က ဦးစီးမှူး ပဲခူးထောင်တွင် သေဆုံး
20-May-2019
တောင်ငူ၊ မေ ၂၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသော မိုးညိုမြို့နယ် လ.ဝ.က ဦးစီးမှူး ဦးဇော်မိုးသည် ပဲခူးထောင်တွင် အချုပ်ခံထားရစဉ် မေလ ၁၉ ရက် မွန်းလွဲပိုင်းက သေဆုံးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘာကြောင့်လည်းဆိုတာ မသိရသေးဘူး။ သေဆုံးခဲ့တာဟုတ်ပါတယ်။ မိုးညိုလဝကဦးစီးအရာရှိဟောင်းပါ”ဟု ၎င်းက ပြောကြားသည်။

သေဆုံးသူ ဦးဇော်မိုးသည် အခင်းဖြစ်သည့်နေ့က ပဲခူးအကျဉ်းထောင်မှတဆင့် ပဲခူးဆေးရုံကြီးသို့ ရောက်ရှိလာပြီး ဆေးရုံရောက်ပြီး မကြာမီသေဆုံးခဲ့ခြင်းဖြစ်သော်လည်း သေဆုံးရသည့် အကြောင်းအရင်းကို မထုတ်ပြန်နိုင်သေးကြောင်း အဆိုပါဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်း မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးဇော်မိုး (၅၆ နှစ်) သည် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ တောင်းခံခြင်း၊ အလှူခံခြင်းများ ပြုလုပ်နေမှုအပေါ် အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားခံခဲ့ရသည့်အတွက် ကော်မရှင်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရာမှ မှတ်ပုံတင်ပြုလုပ်ခြင်းအတွက် ကျပ်ခြောက်သောင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား ပြုလုပ်သူများထံမှ ကျပ်ခြောက်သောင်းနှင့် ၁၉,၀၀၀ ကျပ်တန်အရက် ၁ ပုလင်းတို့အပြင် မှတ်ပုံတင်မိတ္တူလျှောက်ထားသူထံမှ ကျပ်နှစ်သောင်း စုစုပေါင်း ငွေကျပ် ၁၄၀,၀၀ဝိ နှင့် အရက် (၁) ပုလင်းတို့ကို ရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့် အတွက်၂၀၁၃ ခုနှစ်အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မိုးညိုမြို့မရဲစခန်းတွင်၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့က ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

R-15




  • VIA