News

POST TYPE

NEWS

အိုဘားမားလက်ထက် ဒုသမ္မတဟောင်းဂျိုးဘစ်ဒင် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် မဲဆွယ်ဟောပြောပွဲလုပ်ပြီ
20-May-2019


ဖီလာဒယ်ဖီးယား၊ မေ ၁၉

အမေရိကန်ဒုတိယသမ္မတဟောင်း ဂျိုးဘစ်ဒင်သည် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့်ကို စိန်ခေါ်ရန်အတွက် ပင်ဆယ် ဗေးနီးယားပြည်နယ် ဖီလာဒယ်ဖီးယားတွင် မဲဆွယ်စည်းရုံးရေး လူထုဟောပြောပွဲစတင် ပြုလုပ်ပြီဖြစ်ကြောင်း သတင်းမီဒီယာများစွာက ဖော်ပြထားသည်။ 

ဖီလာဒယ်ဖီးယား အနုပညာပြတိုက်အနီးတွင် ထောက်ခံသူလူအုပ်ကြီးကို မိန့်ခွန်းပြောခဲ့သော ဘစ်ဒင်က ညီညွတ်ရေး တည်ဆောက်ကြရန် ပြောကြခဲ့သည်။

“ပါးနပ်ဆရာကျတယ်ဆိုတဲ့ တချို့က ပြောတယ်။ ဒီမိုကရက်တွေက ညီညွတ်ဖို့ ပြောတာကို မကြိုက်ဘူးလို့ ဆိုပါတယ်။ ဒီမိုကရက်တွေက ဒေါသထွက်နေကြသတဲ့။ မဲဆွယ်စည်းရုံးပွဲမှာ မကျေမနပ် ဒေါသဖြစ်အောင် ဆွပေးနိုင်လေလေ၊ သမ္မတလောင်းအဖြစ် အရွေးခံရနိုင်လေလေတဲ့၊ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ဒီမိုကရက်တွေဟာ ဒီတိုင်းပြည်ကို ညီညွတ်စေချင်တယ်လို့ ယူဆပါတယ်”ဟု ဂျိုးဘစ်ဒင်က ပြောကြားခဲ့သည်။

မဲဆွယ်စည်းရုံးခြင်းမိန့်ခွန်းတွင် မစ္စတာဂျိုးဘစ်ဒင်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဝေဖန်တိုက်ခိုက်ခြင်းလည်း ပြုလုပ်ခဲ့သည်။

“အမေရိကန်ပြည်သူများဟာ အကွဲအပြဲဖြစ်စေမယ့် သမ္မတလိုချင်ပါသလား၊ လက်သီးဆုပ်မဖြေဘဲ မာကျောတဲ့ နှလုံးသားနဲ့ အုပ်ချုပ်မယ့် သမ္မတကိုလိုချင်ပါသလား၊ အတိုက်အခံတွေကို လူဆိုးလူသွမ်းတွေ လုပ်ပစ်ပြီးတော့ အမုန်းတရားတွေ ဖြန့်ချိမယ့် သမ္မတလိုချင်ပါသလား၊ ကျွန်တော့်ကို မလိုအပ်ပါဘူး။ သမ္မတဒေါ်နယ်ထရမ့် ရှိပြီးသားပါ”ဟု ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရက်တွေ၊ ရီပတ်ဗလစ်ကန်တွေနဲ့ လွတ်လပ်သူတွေ အားလုံးအတွက် လမ်းကြောင်း သစ်တစ်ခုကို ကမ်းလှမ်းလိုတာမို့ ဝင်ပြိုင်တာဖြစ်ပါတယ်”ဟု ဂျိုးဘစ်ဒင်က ဆိုသည်။ 

ဂျိုးဘစ်ဒင်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်ကို အဓိကအမာခံထားကာ ရွေးကောက်ပွဲဝင်သွားဖွယ် ရှိသည်ဟု အမေရိကန်နိုင်ငံရေးသတင်းများက ခန့်မှန်းရေးသားထားသည်။ 

ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်များသည် f electoral votes ခေါ် သမ္မတရွေးချယ်ရေးအဖွဲ့ မဲ ၂၀ ရမည့် ပင်ဆယ်ဗေးနီးယားပြည်နယ်ကို ၂၀၂၀ ရွေးကောက်ပွဲအတွက် အရေးကြီးသောနေရာအဖြစ် သတ်မှတ်ယှဉ်ပြိုင်သွားဖွယ်ရှိသည်။ 

တက္ကသိုလ်တစ်ခုက ပြုလုပ်သော စစ်တမ်းအရ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် မဲဆန္ဒရှင်များက ဂျိုးဘစ်ဒင်ကို ၅၃ ရာခိုင်နှုန်း၊ ထရမ့်ကို ၄၂ ရာခိုင်နှုန်း ထောက်ခံကြသည်ဟု ဖော်ပြထားသည်။

အသက် ၇၆ နှစ်ရှိနေပြီဖြစ်သည့် ဂျိုးဘစ်ဒင်သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ခွင့်ရရန် ကြိုးစားလျက်ရှိသည်။ 

F-02


  • VIA