News

POST TYPE

NEWS

ချင်းတွင်းမြစ်အတွင်း စက်လှေပေါ်မှ ပြုတ်ကျသူနှစ်ဦး၏အလောင်းကို ပြန်တွေ့
19-May-2019
မုံရွာ၊ မေ ၁၉

ခန္တီးမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အမြန်ရေယာဉ်တစ်စင်းပေါ်မှ ချင်းတွင်းမြစ်အတွင်းသို့ ပြုတ်ကျပျောက်ဆုံးနေခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းကို ကနီမြို့နယ်၊ ကင်းရွာအနီး မြစ်အတွင်း၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ နံနက် အစောပိုင်းက ခန္တီးမှ မုံရွာသို့ စုန်လာသည့် မင်းသီဟကျော် အမြန်ယာဉ် စက်လှေပေါ် မှ ခရီးသည်နှစ်ဦး သန့်စင်ခန်းသို့သွားရာမှ ပြုတ်ကျပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
 
“အမျိုးသမီးက အိမ်သာသွားရင်း ပြုတ်ကျတာ၊ လိုက်ဆယ်တဲ့အမျိုးသားပါ ပျောက်ဆုံးရာက ကင်းရွာအနားမှာ အလောင်း ပြန်တွေ့ပါတယ်”ဟု မင်းကင်းမြို့ခံ ကိုကျော်မင်းအောင်က ပြောဆိုသည်။ 

ယင်းခရီးသည်နှစ်ဦးမှာ မင်းကင်းမြို့အနီး လောင်းပြည့်ကျေးရွာအနီး ပြုတ်ကျပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ 

ရေယာဉ်ပေါ်မှ ပြုတ်ကျသူ အမျိုးသမီးမှာ နာဂဒေသတွင်နေထိုင်သူဖြစ်ပြီး အမျိုးသားမှာ ပခုက္ကူမြို့မှဖြစ်သည်ဟုသိရှိရကြောင်း ဒေသခံများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်းကင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီက ရေယာဉ်မောင်းသူကို မောက်ကတော်ရဲစခန်းတွင် ပေါ့ဆစွာ မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၀ ပ (၃၄) ဖြင့် အမှုဖွင့်ထားကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-08