News

POST TYPE

NEWS

ဆန်စပါးအသင်းချုပ်က နွေစပါးတင်း ၁၀၀ လျှင် ကျပ် ၄၄၀,၀၀၀ ဖြင့်သာ ဝယ်မည်
19-May-2019

တောင်ငူ၊ မေ ၁၉

ယမန်နှစ်က နွေစပါးတင်း ၁၀၀ ကျပ်ငါးသိန်း ကြမ်းခင်းဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တင်း ၁၀၀ လျှင် ကျပ် ၄၄၀,ဝ၀၀ ဖြင့်သာ ဝယ်ယူမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်နှင့်နီးစပ်သည့် ပဲခူးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းအတွင်းမှ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “အသင်းချုပ်က စပါးတစ်ရာ ကျပ်လေးသိန်းလေးသောင်းနဲ့ ဝယ်မယ်။ ကားခ၊ အလုပ်သမားခကို အသင်းကကျခံပေးမှာဖြစ်ပြီး လယ်သမားက ကားလမ်းဘေးထိ စံကိုက်တစ်တင်းခွဲအိတ်တွေ ချပေးရမယ်။ အရည်သွေးစစ်ဆေးသူကစစ်ဆေးပြီး စံကိုက်တယ်ဆို ကားပေါ်တင် ငွေချေစနစ်နဲ့သွားမယ်”ဟု ပြောကြားသည်။

ယမန်နှစ်က စပါးတင်းတစ်ရာလျှင် ကျပ် ၅၃၀,ဝ၀၀ ခန့် ပေါက်ဈေးရရှိခဲ့သော်လည်း ယခုနှစ်စပါးပေါ်ချိန်ကျပ် ၄၃၀,ဝ၀၀ ခန့်သာ ရရှိနေသည့်အပြင် လျှပ်စစ်မီးမမှန်သဖြင့် ဆန်စက်ကြီးများတွင်လည်း စပါးလက်ကျန် တန်နှင့်ချီပြီး ကျန်ရှိနေကြောင်း ပဲခူးတိုင်းအတွင်းမှ ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသူများက ပြောကြားသည်။

နွေစပါးဈေးကျဆင်းမှုကြောင့် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းမှ တောင်သူအချို့စုပေါင်း၍ မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ကို မေလ ၂၀ ရက်တွင် အုတ်တွင်းမြို့ပေါ်သို့ ချီတက်လမ်းလျှောက် ဆန္ဒပြရန်ပြင်ဆင်နေချိန် အသင်းချုပ်တာဝန်ရှိသူများက ယင်းသို့ စပါးဝယ်ယူရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဒေသခံတောင်သူ ဦးလှမျိုးတင့်က “သူတို့ (အသင်းချုပ်)နဲ့ ကျွန်တော်တို့တောင်သူတွေ အုတ်တွင်းမှာ မေလ ၁၇ ရက်က တွေ့တယ်။ နောက်နေ့ ဝယ်ယူပေးမယ်ပြောပြီး လပြည့်နေ့နဲ့ တိုက်သွားတဲ့အတွက် မနေ့ (မေလ ၁၈ ရက်)က မဝယ်ဘူး။ ဒီနေ့ ဝယ်ပေးမယ်လို့ ပြောတယ်။ ဝယ်ပေးရင်တော့ ဆန္ဒဖော်ထုတ်မယ့်ကိစ္စရပ်မယ်”ဟု ပြောကြားသည်။

ပဲခူးတိုင်း အနောက်ခြမ်း တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်းနှင့် တောင်ငူမြို့များတွင် ယခုနှစ်နွေစပါးပေါ်ချိန် စပါးဈေး အဆမတန် နိမ့်ကျနေခြင်းကြောင့် စပါးစိုက်တောင်သူများ အခက်အခဲနှင့်ကြုံတွေ့နေရပြီး တရုတ်ပြည်အဝယ်ရပ်ထားချိန် စပါးရောင်းချရန်ပင်အဆင်မပြေတော့၍ ဆန္ဒပြရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံတောင်သူများက ဆိုသည်။

နွေစပါးစိုက်ပျိုးသူ အများစုသည် ဆည်ရေသောက်စနစ် တူးမြောင်းနှင့်နီးကပ်သည့်ဒေသများတွင်သာ လုပ်ကိုင်လေ့ရှိပြီး စပါးစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချွေလှေ့ပြီးချိန်ထိဆိုပါက မျိုးဖိုး၊ ပိုးသတ်ဆေး၊ မြေဩဇာစရိတ်၊ ထွန်ယက်၊ ရိတ်သိမ်းစရိတ် (အလုပ်သမားခအပါ) ကျပ်သုံးသိန်းနီးပါးကုန်ကျပြီး တစ်ဧကစိုက်ပျိုးပါက တင်း ၇၀ အထက်ကို ဒေသတိုင်း မထွက်နိုင်သည့်အတွက် ယခုဈေးသည် တောင်သူအရှုံးပေါ်ကြောင်း ဒေသခံတောင်သူများက ဆိုသည်။

R-15