News

POST TYPE

NEWS

အမေရိကန်စစ်သင်္ဘောများကို အလွယ်လေး ပစ်ခတ်နိုင်ကြောင်း အီရန် အာခံပြောဆို
19-May-2019


တီဟီရန်၊ မေ ၁၈

ဝါရှင်တန်နှင့် တီဟီရန်အကြား တင်းမာမှုမြင့်တက်နေသည့် လတ်တလောရက်များအတွင်း အီရန်က အမေရိကန် စစ်သင်္ဘောများကို အလွယ်တကူ ပစ်ခတ်နိုင်သည်ဟု သောကြာနေ့က အာခံပြောဆို လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။



အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန် အရေးယူပိတ်ဆို့မှုများကို တန်ပြန်ရန်နှင့် ထရမ့်ပစ်ပယ်ထားသော နျူကလီးယားစာချုပ်ကို အဖတ်ဆယ်နိုင်ရန် လုံးပန်းလျက်ရှိသည်။

ပြီးခဲ့သော သီတင်းပတ်ကုန်ရက်က ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘော လေးစင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် အမေရိကန်က ဘဂ္ဂဒက်သံရုံးရှိ သံတမန် အချို့ကို ရုပ်သိမ်းခဲ့ရာ ပဋိပက္ခဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာခဲ့သည်။

အီရန် တော်လှန်ရေးအစောင့်တပ်၏ လွှတ်တော်ရေးရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဆာလက်ဂျိုကာက “ကျွန်တော်တို့ရဲ့ တာတိုပစ် ဒုံးကျည်တွေက ပါရှန်ပင်လယ်ကွေ့က အမေရိကန်စစ်သင်္ဘောတွေကို အလွယ်လေးပစ်ခတ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

“အမေရိကန်ဟာ စစ်ပွဲသစ်တစ်ပွဲ တိုက်ဖို့ စရိတ်ကို မတတ်နိုင်တော့ပါဘူး”ဟုလည်း ၎င်းက ထိုးနှက်လိုက်သည်။

ဝါရှင်တန်ဘက်က တီဟီရန်အပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှုများကို တိုးမြှင့်လျက်ရှိပြီး ပါရှန်ပင်လယ်ကွေ့သို့ စစ်သင်္ဘောများ စေလွှတ်ထားသည်။

ဝါရှင်တန်မှ အစိုးရတာဝန်ရှိသူ တစ်ဦးက “အခုထိတော့ သမ္မတထရမ့်ရဲ့ တိုက်ရိုက်ဆွေးနွေးရေး အချက်ပြမှုကို အီရန်ဘက်က လက်ခံကြောင်းအကြောင်း မပြန်သေးပါဘူး။ သူတို့အနေနဲ့ အာခံမှုကို လျှော့ပြီး စေ့စပ်ဆွေးနွေးသင့်တယ်လို့ ယူဆပါတယ်”ဟု ပြောကြားသည်။

အီရန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်မူဆာဗီက “တကယ်လို့ ရန်သူက အတွက်မှားပြီး မဟာဗျူဟာမြောက် အမှားကို ကျူးလွန်မယ်ဆိုရင် နောင်တရစေမယ့် လက်တုံ့ပြန်မှုကို ခံရပါလိမ့်မယ်”ဟု သတိပေးပြောဆိုသည်။

အီရန်လွှတ်တော်အမတ် အမျိုးသားလုံခြုံရေးကော်မတီဥက္ကဋ္ဌ ဖာလာဟက်ပီ ရှေးက စစ်ပွဲကိုတားဆီးရန်အတွက် အီရန်အမေရိကန် အရေးပေါ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် twitter တွင် တိုက်တွန်းထားသည်။

အီရန်ဘာသာရေးခေါင်းဆောင် အာယာတိုလာခါမေနီက တီဟီရန်သည် နောက်ထပ် နျူကလီးယားဆိုင်ရာသဘော တူစာချုပ်သစ်တစ်ခုကို ညှိနှိုင်းမည်မဟုတ်ကြောင်း ယခုသီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုထားသည်။

သမ္မတထရမ့်က အီရန်အား နျူကလီးယားရည်မှန်းချက်များနှင့် ဒေသတွင်း စွက်ဖက်မှုများကို ကန့်သတ်မည့် စည်းကမ်းချက်များကို လက်ခံလိုက်နာစေရန် စီးပွားရေးအရေးယူပိတ်ဆို့မှုများဖြင့် ဖိအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ထိုအတောအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က လည်း ဂျပန်နှင့် တရုတ်နိုင်ငံများသို့ရောက် ရှိနေပြီး ၂၀၁၅ နျူကလီးယားသဘောတူ စာချုပ်တွင် လက်မှတ်ထိုးထားသော နိုင်ငံများအနေနှင့် စာချုပ်ကိုထောက်ခံကြောင်း ကြေညာနေရုံနှင့် မလုံလောက်ကြောင်း၊ ထိရောက်စွာ ကယ်ဆယ်မှု ပြုလုပ်ကြရန် လိုအပ်ကြောင်း ဆွေးနွေး တိုက်တွန်းမှုများ ပြလုပ်နေသည်။ 

F-04



  • VIA