News

POST TYPE

NEWS

ကွတ်ခိုင်တွင် မိသားစုလိုက် တရုတ်ပြည်၌ ရောင်းစားခံရ
19-May-2019
ရန်ကုန်၊ မေ ၁၈

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးရွာရှိ အသက် ၃၀ ရွယ်အမျိုးသမီးနှင့် သား ၂ ယောက်ကို တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် တရားခံ သုံးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ (၂၄) ဖြင့် အမှုဖွင့်ထားကြောင်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

“အမျိုးသားကလည်း မူးယစ်ဆေးစွဲနေတယ်။ သားအမိတွေ အကုန်ပါသွားတယ်။ အခုထိ တရုတ်ပြည်ထဲ ဘယ်နေရာရောက်လဲ ရှာဖွေနေတုန်း” ဟု မူဆယ်မြို့ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးဦးကျော်ညွှန့်က ဆိုသည်။

တရုတ်ပြည်သို့ ရောင်းစားခံရသူသည် အသက် ၃၀ အရွယ်ရှိပြီး၊ အသက် လေးနှစ်ကျော်နှင့် တစ်နှစ်အရွယ် သားနှစ်ဦးပါ ရောင်းစားခံခဲ့ရခြင်းဖြစ်ကာ တရားခံအမျိုးသမီးမှာ အိမ်နီးချင်းနေထိုင်ခဲ့သူဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ပြစ်မှုကျူးလွန်သူကို ပန်ဆေး ပြည်သူ့စစ်ဌာနချုပ် လက်အောက်ခံ နမ့်ခမ်းမြို့ပေါ်ရှိ ပြည်သူ့စစ်က သုံးရက်ကြာ ထိန်းသိမ်းထားသည့်အချိန်တွင် ကျူးလွန်သူ အဓိကတရားခံအမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ပြီး ကျန်၂ ဦးကို မေလ ၁၇ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း ဦးကျော်ညွန့်က ဆိုသည်။

အဆိုပါ မိသားစုလိုက်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ထိန်းချုံးမြို့တွင် ယွမ်နှစ်သောင်း ( မြန်မာငွေ ကျပ် ၄၅ သိန်းကျော်) ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

J-18