News

POST TYPE

NEWS

အဂတိလိုက်စားမှုတိုက်ဖျက်ရန် အကာကွယ်ပေးရေးဥပဒေကြမ်းလိုအပ်ဟု ဦးအောင်ကြည်ပြောကြား
18-May-2019
နေပြည်တော်၊ မေ ၁၈

အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် လက်ရှိကိုင်တွယ်နေရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေ လိုအပ်လျက်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားလိုက်သည်။

“ဒီဥပဒေတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး”ဟု ၎င်းကဆိုသည်။

ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေကြမ်းပြုစုရေးအလုပ်ရုံဆွေးနွေးပွဲကို မေ ၁၇ ရက်က နေပြည်တော်ရှိ Grand Amara Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိကျသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပေးသူများအတွက် လုံလောက်သည့် အကာအကွယ်များအပြင် ထိရောက်သည့် ဆုချီးမြှင့်ခြင်းနှင့် အားပေးဆောင်ရွက်ရန်လိုကြောင်း ဥက္ကဋ္ဌကဆိုသည်။

“ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်ရှိ အစိုးရနှင့် အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် အလုပ်ဌာနအားလုံးတွင် ထုတ်ဖော်သတင်းပေးသူများဟာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ အစားအစာနှင့် ဆေးဝါးအတုပြုလုပ်မှု၊ သိပ္ပံနည်းပညာဆိုင်ရာ လိမ်လည်မှုများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ ငွေညစ်မှု၊ အထက်အောက်အနိုင်ကျင့်မှု၊ ဆရာမွေး တပည့်မွေးမှု စသည့်ကိစ္စများအပါ အဝင်ကို ဖော်ထုတ်တိုက်ဖျက်ရာတွင်လည်း ဒီဥပဒေဟာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
 
ယနေ့လုပ်ဆောင်မှုသည် လာမည့် ဆယ်စုနှစ်တစ်ခုတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်လာရန် မျှော်လင့်နိုင်မည်ဖြစ်ပြီး နောင်တွင် သမိုင်းမှတ်ကျောက်တင်သည့်ကိစ္စများ ဖြစ်လာရန်ရည်ရွယ်၍ ဝိုင်းဝန်းဆွေးနွေးကြရန် ဦးအောင်ကြည်က တိုက်တွန်းပြောကြားသည်။

ယင်းအခမ်းအနားသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ UNODC ၊ UNDP တို့မှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် အဆိုပါကွန်ဗင်းရှင်းတွင် စတင်အကျုံးဝင်ခဲ့သည်။