News

POST TYPE

NEWS

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာချေးငွေများ ရယူနိုင်
18-May-2019

ရန်ကုန်၊ မေ ၁၈

စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လျှောက်ထားရယူနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ချေးငွေကို နှစ်တိုချေးငွေ ၃ နှစ်၊ နှစ်ရှည်ချေးငွေ ၅ နှစ်သတ်မှတ်ပြီး နှစ်တိုချေးငွေအတွက် ကျပ်သိန်း ၅၀၀ အထိ၊ နှစ်ရှည်ချေးငွေအတွက် ကျပ်သိန်း ၅၀၀ဝ အထိ တစ်နှစ်လျှင်အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် ငွေချေးယူသူ၏ ငွေချေးယူမှုရာဇဝင်၊ ပိုင်ဆိုင်မှု၊ လုပ်ငန်းသဘာဝနှင့် လုပ်ငန်းပမာဏ၊ ဝင်ငွေပြန်လည်ရရှိမှု၊ အာမခံတင်သွင်းနိုင်မှုတို့အပေါ် စိစစ်၍ ချေးငွေသက်တမ်း၊ ဆိုင်းငံ့ကာလနှင့် ချေးငွေပမာဏကို သတ်မှတ်ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) မူရင်း၊ မွေးမြူရေးလုပ်ငန်း (သို့မဟုတ်) စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများဖြစ်ပါက လန (၃၉)၊ ပုံစံ (၁၀၅)၊ (၁၀၆) မူရင်းနှင့် ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံအဖြစ်တင် သွင်းရမည်ဖြစ်သည်။

“ဧကနည်းတဲ့ တစ်ပိုင်တစ်နိုင်သမားတွေအတွက် ဒီချေးငွေလျှောက်ဖို့က သိပ်အဆင်မပြေဘူး။ ဧကနည်းတဲ့သူတွေကျတော့ ပုံစံ (၇) မရှိတဲ့သူတွေများတယ်။ သူတို့တောင်းတဲ့ အချက်အလက်တွေကလည်းများတော့ အဆင်မပြေဘူး”ဟု မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

ချေးငွေအတွက် အာမခံပစ္စည်း လုံလောက်စွာ မပေးနိုင်ပါက မြန်မာ့အာမခံလုပ်ငန်းနှင့်ဆက်သွယ်၍ ချေးငွေအာမခံစနစ် (Credit Gurantee Insurance) ဖြင့် လျှောက်ထားနိုင်ပြီး ကျပ်သိန်း ၂၀၀ ထက်ပိုသည့် ချေးငွေဖြစ်ပါက မီးအာမခံ၊ ဘဏ်ရှေ့နေနှင့် ဘဏ်ရာဖြတ် အစီရင်ခံစာတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်နှင့်ညှိနှိုင်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ ချေးငွေများကို ၂၀၁၈ ခုနှစ်၊ ဧပြီလက စတင်ထုတ်ချေးပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ မြို့နယ်ပေါင်း ၉၆ ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူ ၆၈၀ ဦးကို ငွေကျပ် ၆၃၂၆ သန်းကျော် ထုတ်ချေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ချေးငွေရယူလိုသူများသည် မိမိတို့ အမြဲတမ်းနေထိုင်ရာမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ သို့မဟုတ် နီးစပ်ရာဘဏ်ခွဲတွင် စုံစမ်း၍ ချေးငွေများလျှောက်ထားနိုင်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) ရန်ကုန်မြို့၊ အမှတ် ၂၆/ ၄၂ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ် ဖုန်း ဝ၁- ၃၉၁၂၃၅၊ ဖက်စ် ဝ၁- ၃၈၁၇၀၃ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

J-11