News

POST TYPE

NEWS

ဒုတိယအကြိမ် ကလေးအသည်းအစားထိုးခွဲစိတ်မှု စက်တင်ဘာတွင် ပြုလုပ်ရန်စီစဉ်
18-May-2019

ရန်ကုန်၊ မေ ၁၈

ဒုတိယအကြိမ် ကလေးအသည်း အစားထိုးခွဲစိတ်မှုကို လာမည့်စက်တင်ဘာလတွင် ပြုလုပ်ရန်စီစဉ်လျက်ရှိကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောကြားသည်။

“ဒုတိယတစ်ကြိမ်ကိုတော့ စက်တင်ဘာမှာ ခွဲစိတ်ဖို့ရည်ရွယ်ထားတယ်။ ခွဲစိတ်ဖို့ အဓိကလိုအပ်တာက ငွေပေါ့။ အလှူရှင်တွေကိုလည်း လှူဒါန်းဖို့ ဖိတ်ခေါ်ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး အသက်ဆုံးရှုံးရတဲ့ ကလေးတွေ အများကြီးပါပဲ”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြင့် ကလေးအသည်းအစားထိုးခွဲစိတ်ကုသမှုကို မတ်လ ၁၇ ရက်နေ့က ရန်ကုန်ကလေးဆေးရုံကြီးတွင် ခွဲစိတ်မှုပြုလုပ်အောင်မြင်ခဲ့ကြောင်း၊ အဆိုပါဆေးရုံကြီးသည် ခုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးဖြစ်ပြီး နေ့စဉ် ပြင်ပလူနာ ၈၀ ဦးနှင့် ၁၀၀ ဦးကြား ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီးတွင် အသားဝါရောဂါဖြင့် ခွဲစိတ်ကုသဆောင်များသို့ တက်ရောက်သော တစ်နှစ်အောက် ကလေးဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှ ၃၀ ဦး ခန့်ရှိပြီး ယင်းတို့အနက် ၂၀ ဦးခန့်မှာ မွေးရာပါသည်းခြေပြွန်မပါသည့်ရောဂါဖြစ်ပွားသည့် လူနာများဖြစ်ကြောင်း ယင်းဆေးရုံကြီး၊ ခွဲစိတ်ကုပညာဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ အသည်းအစားထိုး ကုသမှုပြုလုပ်ရခြင်းသည် မွေးရာပါသည်းခြေပြွန်မပါသည့်ရောဂါဖြစ်ပြီး ကလေးမွေးမွေးချင်းတွင် ဝမ်းအဖြူများသွားပါက သည်းခြေပြွန်မပါသည့်လက္ခဏာဖြစ်နိုင်ကြောင်း၊ ထို့အတွက် မွေးကင်းစကလေးများ ဝမ်းအဖြူများသွားပါက မိဘများအနေနှင့် အထူးသတိပြုရန်လိုအပ်ကြောင်း၊ ထိုရောဂါဖြစ်ပွားမှုကို မွေးကင်းစအရွယ်ကတည်းက သိရှိနိုင်ပြီး မကုသဘဲထားပါက ၁၈ လအထိသာခံကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ဖြည့်စွက်ပြောကြားသည်။

J-12