POST TYPE

NEWS

မွန်ညီညွတ်ရေးပါတီတည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်ပြု
18-May-2019

မော်လမြိုင်၊ မေ ၁၈

ပူးပေါင်းဖွဲ့စည်းထားသည့် မွန်တိုင်းရင်းသားကိုယ်စားပြုသည့် မွန်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ကို ယခုမေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုလိုက်သည့် အကြောင်းကြားစာကို ပေးပို့လာပြီးဖြစ်၍ တစ်ပတ်အတွင်း မှတ်ပုံတင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ၏ တွဲဖက်အတွင်း ရေးမှူး နိုင်လယီတမထံမှသိရသည်။

“ပါတီပေါင်းစည်း ဖွဲ့စည်းခွင့်လို့ ပြောရမှာပေါ့။ ဒါကို သူတို့က ၁၇ ရက်နေ့ ညနေက စာထုတ်လာပေးတယ်။ ကျွန်တော်တို့ ပါတီမှတ်ပုံတင်ခြင်းကို တစ်ပတ်အတွင်း တင်သွားမယ်၊ ပေါင်းစည်းဖွဲ့စည်းခွင့်ကျလာပြီဆိုတော့ နောက်တစ်ဆင့်က ခက်ခဲစရာ အကြောင်းမရှိတော့ဘူး”ဟု နိုင်လယီတမက ပြောဆိုသည်။

ပါတီမှတ်ပုံတင်နိုင်ရန်အတွက် မိမိတို့ပါတီဘက်က တင်ပြရမည့် အလံ၊ Logo၊ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် အခြား စာရွက်စာတမ်းများကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ တစ်ပတ်အတွင်းမိမိတို့ မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း နိုင်လယီတမက ရှင်းပြသည်။

မွန်ညီညွတ်ရေးပါတီ တည်ထောင်ဖွဲ့စည်းခွင့်ပြုခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ကော်မရှင်စုံညီအစည်းအဝေး အမှတ်စဉ် (၁၆/ ၂၀၁၉) တွင် လိုအပ်သည့်အချက်များကို စိစစ်ပြီးဖြစ်၍ ပါတီဖွဲ့စည်းတည်ထောင်ခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပေးပို့လာသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထိုသို့ ပါတီထောင်ဖွဲ့စည်းခွင့်ပြုလိုက်ပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ နည်းဥပဒေ ၆ နှင့်အညီ ပါတီခေါင်းဆောင်နှစ်ဦးကို အမြန်ဆုံးရွေးချယ်၍ ပုံစံ (ဃ) ဖြင့်လည်းကောင်း၊ နည်းဥပဒေ ၇ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ပုံစံ (င) ဖြင့်လည်းကောင်း ကော်မရှင်ထံသို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်အတိုင်း ကော်မရှင်ထံသို့ လျှောက်ထားရာတွင် နည်းဥပဒေ ၇ (ခ) အရ မှတ်ပုံတင်ကြေး ကျပ်သုံးသိန်းပေးသွင်းရန် မလိုအပ်ကြောင်း ပါရှိသည်။

“မှတ်ပုံတင်ကြေးကတော့ ပေးသွင်းစရာ မလိုတော့ဘူး၊ ဘာလို့လဲဆိုတော့ ပါတီအသစ် တည်ထောင်တာမဟုတ်ဘူး၊ ရှိရင်းစွဲပါတီ ၂ ခုပေါင်းတယ်ဆိုတော့ ဥပဒေအရ မှတ်ပုံတင်ကြေး ပေးသွင်းစရာ မလိုတော့ဘူး”ဟု နိုင်လယီတမက ရှင်းပြသည်။

မွန်ညီညွတ်ရေးပါတီကို ယခင်က မွန်ပါတီအမည်ဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေါင်းစည်းတည်ထောင်ခွင့်ပြုရန် တင်ပြထားသော်လည်း ကော်မရှင်ကခွင့်မပြုသည့်အတွက် မွန်ညီညွတ်ရေးက ပါတီအမည်ပြန်လည်ပြောင်းလဲတင်ပြခဲ့ရာ ယခုကဲ့သို့ ပေါင်းစည်းတည်ထောင်ခွင့်ကျခဲ့ခြင်းဖြစ်သည်။

မွန်ညီညွတ်ရေးပါတီမှာ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်နိုင်ငံရေးအင်အားစုများ၊ မွန်နိုင်ငံရေးစိတ်ဝင်စားသူများ၊ ပူးပေါင်း၍ ပြန်လည်ဖွဲ့စည်းထားသည့် ပါတီတစ်ခုဖြစ်သည်။

R-21