News

POST TYPE

NEWS

နေပြည်တော်စည်ပင်ဘဏ်က ချောက်မြို့ ဈေးသည်များကို သိန်း ၅ ထောင်ခန့် ထုတ်ချေး
16-May-2019

ချောက်၊ မေ ၁၆

နေပြည်တော်စည်ပင်ဘဏ်က ချောက်မြို့မဈေးရှိ ဈေးသည် ၂၀၀ ကျော်ကို ရင်းနှီးချေးငွေအတွက် သိန်း ၅ ထောင်ခန့် မေလ ၁၆ ရက်က စတင်ထုတ်ချေးပေးနေကြောင်း ယင်းမြို့ မြို့မဈေးချေးငွေ ကော်မတီထံမှ သိရှိရသည်။

ဈေးသူ၊ ဈေးသားများ၏ တောင်းဆိုချက်အရ မြို့မဈေးကော်မတီက ဦးဆောင်ပြီးတောင်းဆိုခဲ့၍ ချေးငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းနှင့် ဆိုင်ခန်းကို မီးအာမခံထားရှိပြီးမှသာ ငွေချေးခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

မြို့မဈေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးရာကျော်က “တချို့က ဈေးဆိုင်ခန်းတွေရှိတယ်။ ရင်းနှီးဖို့အတွက်က မရှိကြဘူး။ တစ်ပိုင်တစ်နိုင် ရင်းနှီးဖို့ ချေးငွေလိုနေတာ။ လိုနေတဲ့အတွက် ကျွန်တော်တို့က တောင်းဆိုခဲ့တယ်။ ခုရခဲ့တော့ အဆင်ပြေသွားတယ်”ဟု ပြောကြားသည်။

ယင်းချေးငွေသည် ၄ နှစ်စီမံကိန်း ထုတ်ချေးပေးခြင်းဖြစ်ပြီး ပထမ ၂ နှစ်တွင် လစဉ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းသာ ပေးဆပ်ရမည်ဖြစ်သည်။ ကျန် ၂ နှစ်တွင် အတိုးနှင့် ချေးငွေအရင်းခွဲပြီး ပေးဆပ်သွားရမည်ဟု မြို့မဈေးကော်မတီဥက္ကဋ္ဌ ချေးငွေတာဝန်ခံ ဦးခင်မောင်ရီက ပြောဆိုသည်။

ယင်းချေးငွေထုတ်ချေးမှုကို ဆိုင်ခန်း အမျိုးအစားပေါ်မူတည်ပြီး သုံးမျိုးခွဲခြား၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ငွေကျပ် ၁၀ သိန်း ထုတ်ချေးသူသည် ၆၂ ဦး၊ ငွေကျပ် ၂၀ သိန်း ထုတ်ချေးသူသည် ၁၂၄ ဦး၊ ငွေကျပ် ၃၀သိန်း ထုတ်ချေးသူ ၁၇ ဦးဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

R-24