News

POST TYPE

NEWS

မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၃၀၀ နီးပါး သောက်သုံးရေရှားပါး
16-May-2019

ရန်ကုန်၊ မေ ၁၆

ယခုနှစ် နွေရာသီကာလ၌ မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာစုစုပေါင်း သုံးရာနီးပါးတွင် သောက်သုံးရေ ရှားပါးပြတ်လပ်လျက်ရှိသဖြင့် သောက်သုံးရေ ဖြန့်ဝေပေးထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် မြို့နယ်ပေါင်း ၈၀ ကျော်၊ ကျေးရွာ ၃၀၀ နီးပါးအတွက် မေလ ၁၃ ရက်နေ့အထိ သောက်သုံးရေဂါလံစုစုပေါင်း ၁၆၂၇၃၇၅ ဂါလံကို ဖြန့်ဝေပေးထားကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးရွာပေါင်း ၂၀၀ ခန့် သောက်သုံးရေ ရှားပါးနိုင်သည်ဟု အဆိုပါဌာနက ကနဦး ခန့်မှန်းထားခဲ့သော်လည်း ယခုအခါ ရေရှားပါးသည့် ကျေးရွာအရေအတွက် တိုးမြင့်လာခြင်းဖြစ်သည်။ 

ယင်းသို့ဖြန့်ဝေခဲ့ရာတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ် စုစုပေါင်း ၈၈ မြို့နယ်နှင့် ကျေးရွာစုစုပေါင်း ၂၉၉ ရွာအတွက် ရေဂါလံစုစုပေါင်း ၁၆၂၇၃၇၅ ဂါလံကို မေလ ၁၃ ရက်နေ့အထိ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။

အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း၌ နွေရာသီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လျက်ရှိနေပြီး မကွေးတိုင်း အပါအဝင် ဒေသအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ သက်ဆိုင်ရာဌာနများနှင့် ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များက သောက်သုံးရေ လှူဒါန်းဖြန့်ဝေပေးလျက်ရှိသည်။

E-03