News

POST TYPE

NEWS

အထောက်အထား မပြည့်စုံသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ခန့်ကို မဲဆောက်တွင် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
16-May-2019



ဘန်ကောက်၊ မေ ၁၆

ထိုင်းရဲတပ်ဖွဲ့သည် အထောက်အထားအပြည့်အစုံ မပါရှိဘဲနှင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ခန့်ကို ယနေ့ (ကြာသပတေးနေ့) နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း The Nation က ဖော်ပြထားသည်။

မဲဆောက်ခရိုင် တာဝန်ရှိသူများ၊ အမှတ် ၁၄ ခြေလျင်တပ်ရင်းမှ စစ်သားများ၊ မဲဆောက်ရဲစခန်းမှ ရဲတပ်သားများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ရဲများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စုစည်းပါဝင်သောအဖွဲ့သည် မြောက်ဘက်ပိုင်း စီရင်စုနယ်မြေရှိ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်တတ်လေ့ရှိသော လမ်းကြောင်းများကို စစ်ဆေးရာတွင် ယခုကဲ့သို့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခုအလုပ်သမားများမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသူများဖြစ်သည်ဟုလည်း မဲဆောက်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် တမ်ဘွမ်မေးဒေါင်အရပ်ရှိ ဘန်မေးဒါအိုမိုင်ကျေးရွာရှိ ပါဒန်းသတ္တုတူးဖော်ရေးကုမ္ပဏီတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယခုဖမ်းဆီးထိန်းသိမ်းလိုက်သူများမှာ ခရီးသွားလာခွင့် အထောက်အထားများ မပါရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့၍ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် ယင်းသို့ ခရီးသွားလာခွင့် အထောက်အထား စာရွက်စာတမ်းများ မပါရှိဘဲနှင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရှိရာသို့ ရွှေ့ပြောင်းခေါ်ဆောင်ကာ အာဏာပိုင်များက စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်သည်။

E-11