News

POST TYPE

NEWS

မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသည့် တလမွန်ယာဉ်လိုင်း ရပ်ဆိုင်း
16-May-2019

မော်လမြိုင်၊ မတ် ၁၆

အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းထားပြီး တလမွန်ကုမ္ပဏီလက်အောက်တွင်ရှိသော သံဖြဇရပ်-မုဒုံ-မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းနှင့် တလမွန်ခရီးသွားလုပ်ငန်းမှ Express ယာဉ်လိုင်းတို့ကို ယာယီရပ်ဆိုင်းထားကြောင်း အဆိုပါယာဉ်လိုင်း အုပ်ချုပ်ရေးပိုင်းထံမှ သိရသည်။

“ဒီယာဉ်လိုင်းကို ဦးဆောင်တာဝန်ယူနေတဲ့သူက အသက်ကြီးလာတဲ့အတွက် မလုပ်နိုင်တာကတစ်ချက်ပေါ့။ နောက်တစ်ချက်က ကျေးရွာတွေက ကားငယ်တွေကလည်း အိမ်အရောက် ရွာအရောက် လိုက်ပို့နေတာတွေ ရှိလာတယ်၊ ဒါကြောင့် လူစီးနည်းလာတယ်၊ နောက်တစ်ချက်က ဝန်ဆောင်မှုပိုင်းမှာလည်း အားနည်းနေတာတွေ ရှိခဲ့တယ်”ဟု တလမန်ယာဉ်လိုင်း အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုစိုးဝင်းက ပြောကြားသည်။

တလမွန်ယာဉ်လိုင်းပြန်လည်ပြေးဆွဲမည် မပြေးဆွဲမည်ကိုမူ မေလ ၂၆ ရက်နေ့တွင်ပြုလုပ်မည့် ကုမ္ပဏီရှယ်ယာရှင်များ အစည်းအဝေးတွင် Board of Director (BOD) အဖွဲ့အသစ်နှင့် ဦးဆောင်မှုအပိုင်းအတွက် တာဝန်ယူမည့်သူကို ပြန်လည်ရွေးချယ်ပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လတ်တစ်လောတွင် ယာဉ်လိုင်းများ ယာယီရပ်ဆိုင်ထားကြောင်း ၎င်းက ရှင်းပြသည်။

“မနှစ်ကဆိုရင် ယာဉ်လိုင်းအနေနဲ့ သိန်း ၄၈၀ လောက်ရှုံးခဲ့တယ်၊ ဒါကြောင့် ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် အများကြီးပြန်လုပ်ရဦးမယ်၊ ယာဉ်တွေကိုတော့ ခရီးသွားလုပ်ငန်းတစ်ခုကို ငှားပေးထားတယ်၊ ကုမ္ပဏီအတွက် အထောက်အကူဖြစ်အောင်လို့ စီစဉ်ထားတာပါ”ဟု ကိုစိုးဝင်းက ဆက်လက်ပြောဆိုသည်။

တလမွန်အများပိုင်ကုမ္ပဏီလက်အောက်တွင် သံဖြူဇရပ်သေမင်းတမံပြတိုက်၊ ဘီးလင်းရှိ တလမွန်ထမင်းဆိုင်၊ တလမွန် Express ယာဉ်လိုင်းနှင့် တလမွန်ခရီးသွားလုပ်ငန်းတို့ရှိနေသည်။ 

R-21