News

POST TYPE

NEWS

အလာဘားမားပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်သည့် ဥပဒေ အတည်ပြု
16-May-2019



အလာဘားမား၊ မေ ၁၅

အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေနှင့် မညီကြောင်း သတ်မှတ်သည့် အတင်းကျပ်ဆုံး ဥပဒေကို အတည်ပြုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မုဒိမ်းမှုများ၊ မိသားစုဝင်ဆွေမျိုးများနှင့် မှောက်မှားမှုများတွင် ခြွင်းချက်ခွင့်ပြုရန် ပြင်ဆင်ချက်ကို ပြည်နယ် အထက်လွှတ်တော်က ပယ်ချကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

ယခုအခါ ဥပဒေသည် ရီပတ်ဘလစ်ကန် အုပ်ချုပ်ရေးမှူး ကေးအိုင်ဗေးထံ တက်သွားပြီဖြစ်သည်။ သူမက ဥပဒေအား လက်မှတ်ထိုးခြင်း ပြု၊ မပြုကို မပြောသေးသော်လည်း သူမသည် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်သူတစ်ဦးဖြစ်သည်။

ယခုလုပ်ရပ်သည် အမေရိကန်တွင် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ကို ခွင့်ပြုခဲ့သည့် ၁၉၇၃ အထက်ခုံရုံး ဆုံးဖြတ်ချက်ကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

၎င်းဥပဒေကြမ်းကို ပြည်နယ် အောက်လွှတ်တော်တွင် ယခင်လက ၇၄- ၃ မဲဖြင့် အတည်ပြုခဲ့ပြီးဖြစ်သည်။

ဥပဒေသစ်အရ မိခင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် အခြေအနေမျိုးတွင်သာ ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်ပြုမည်ဖြစ်သည်။

ဥပဒေကို ထောက်ခံသူ ရီပတ်ဘလစ်ကန်အမတ် တယ်ရီကောလင်းက “ဗိုက်ထဲက ကလေးကလည်း လူတစ်ယောက်ပါပဲဆိုတာကို ဒီဥပဒေက ပြသလိုက်တာပါ”ဟု ပြောကြားသည်။

ကန့်ကွက်သော ဒီမိုကရက်အမတ် ဘော်ဘီဆင်ဂယ်လ်တန်ကမူ “ဒီဥပဒေက ဆရာဝန်တွေကို ရာဇဝတ်မှုသင့်အောင် လုပ်နေတယ်။ ပြီးတော့ ယောကျာ်းတွေက မိန်းမတွေရဲ့ ကိုယ်ခန္ဓာကို ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ အမိန့်ပေးဖို့ ကြိုးစားနေတာ”ဟု ဝေဖန်သည်။

ကန့်ကွက်သူတစ်ဦးဖြစ်သည့် ဒီမိုကရက်အမတ် ရော်ဂျာဆမစ်သာမန်က “မုဒိမ်းမှု သို့မဟုတ် ဆွေမျိုးသားချင်းနဲ့ မှောက်မှားမိတဲ့ ၁၂ အရွယ် မိန်းကလေး တစ်ယောက်ကို နင်ဘာမှ ရွေးချယ်စရာ မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ”ဟု ဝေဖန်သည်။

၎င်းဥပဒေ၏ တင်းကျပ်မှုသည် သန္ဓေသား၏ နှလုံးခုန်သံကို စတင်ထောက်လှမ်းသိရှိနိုင်သည့် ကိုယ်ဝန်သီတင်းခြောက်ပတ်အချိန်မှစ၍ ကိုယ်ဝန်ဖျက်ချမှုကို ပိတ်ပင်သည့် အမေရိကန် ပြည်ထောင်စုတစ်ဝန်း ကျင့်သုံးနေသည့် လက်ရှိဥပဒေထက် အလွန်အမင်း တင်းကျပ်လွန်းသွားပြီဖြစ်သည်။

အလာဘားမားဥပဒေအရ ကိုယ်ဝန်ဖျက်ချမှုသည် A အဆင့် ပြစ်မှုအမျိုးအစားတွင် ပါဝင်သွားပြီဖြစ်သည်။

ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန်သည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဥပဒေကို အတည်ပြုပြီးပါက ထောက်ခံသူများနှင့် ကန့်ကွက်သူများအကြား ဖက်ဒရယ်ခုံရုံး၏ အဆုံးအဖြတ်ကို မလွှဲမရှောင်သာ ခံယူရဖွယ်ရှိသည်ဟု ဆိုသည်။ 

F-04