News

POST TYPE

NEWS

အီရန်နှင့် စစ်ဖြစ်ရန် အမေရိကန်ပြည်ထောင်စုတွင် ဆန္ဒမရှိဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ပြောကြား
16-May-2019



ဝါရှင်တန်၊ မေ ၁၅

အမေရိကန်ပြည်ထောင်စုအနေနှင့် အီရန်နိုင်ငံနှင့် စစ်ဖြစ်လိုသည့်ဆန္ဒမရှိဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ဖော်ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး ဝါရှင်တန်-မော်စကို ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်ရေးအတွက်လည်း ဆွေးနွေးခဲ့သည်။ 



အမေရိကန်ပြည်ထောင်စုသည် လတ်တလော အီရန်နိုင်ငံနှင့်ဖြစ်ပေါ်နေသော တင်းမာမှုများမှတစ်ဆင့် ပဋိပက္ခဘက်သို့ ဦးတည်မသွားစေရန် ကြိုးပမ်းသွားမည်ဖြစ်သည်ဟု မိုက်ပွန်ပီယိုက ပြောကြားသည်။ 

“ကျွန်တော်တို့ အခြေခံသဘော တရားအားဖြင့် အီရန်နဲ့ စစ်ဖြစ်ဖို့လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန် အကျိုးစီးပွားတွေ ထိုးနှက်တိုက်ခိုက်ခံရပြီဆိုရင် ကျွန်တော်တို့ဘက်က သင့်တင့်လျောက်ပတ်သလို လက်တုံ့ပြန်သွားမှာ ဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်ပါတယ်”ဟု မိုက်ပွန်ပီယိုက ပြောကြားသည်။ 

ဖြစ်နိုင်ခြေရှိသည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တန်ပြန်ကာကွယ်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လေယာဉ်တင်သင်္ဘောတစ်စင်းနှင့် B-52 အမျိုးအစား ဗုံးကြဲလေယာဉ်များကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ထားပြီဖြစ်သည်။ 

အမေရိကန်၏ အီရန်ဆိုင်ရာ အထူးသံတမန် ဘရိန်းဟွတ်ခ်က “တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုရှိတဲ့ အရှေ့အလယ်ပိုင်းဒေသ ဖြစ်ဖို့ကိစ္စဟာ ဥရောပအတွက် အရေးတကြီးကိစ္စ တစ်ခုပါပဲ။ အီရန်ဟာ တိုက်ခိုက်မှုတွေလုပ်မယ်လို့ ခြိမ်းခြောက် ပြောဆိုနေခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော်တို့က ကာကွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုတွေကို လုပ်ခဲ့ကြတာပါ”ဟု ပြောကြားသည်။ 

“ဒါပေမဲ့လည်း ယခုကြုံတွေ့နေရတဲ့ ပြဿနာက ဘာလဲဆိုရင် တည်ငြိမ် အေးချမ်းမှုရှိတဲ့ အီရန်နိုင်ငံဆိုတဲ့ကိစ္စ မပါဝင်ဘဲ ငြိမ်းချမ်းတဲ့အရှေ့အလယ်ပိုင်းဆိုတာကို ပုံဖော်စိတ်ကူးကြည့်လို့ကို မရတဲ့ပြဿနာပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမို အားကောင်းမောင်းသန်ဖြစ်လာရေးကို အထူးလိုလားကြောင်း ပြောဆိုထားပြီး ဖြစ်သည်။ သို့သော်လည်း အရေးကိစ္စ အတော်များများကြောင့် အချေအတင်ဖြစ် သည့်ကိစ္စများရှိနေသောအချက်ကို နှစ်ဖက် စလုံးကလက်ခံကြသည်။ 

ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် တပ်တူဖြစ်နေသည့် အကျိုးစီးပွားများရှိကြောင်း၊ ယင်းတို့ကို အတူတကွ တည်ဆောက်ယူရေးသည် သမ္မတထရမ့် လွန်စွာ လုပ်လိုသည့် အရေးကြီးကိစ္စတစ်ခု ဖြစ်ကြောင်း မိုက်ပွန်ပီယိုကပြောကြားသည်။ 

F-01