News

POST TYPE

NEWS

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အကောင့်ကို တွစ်တာလူမှုကွန်ရက်စာမျက်နှာ ပိတ်သိမ်းပယ်ဖျက်
15-May-2019


နယူးယောက်၊ မေ ၁၅

တွစ်တာလူမှုကွန်ရက်စာမျက်နှာသည် ၎င်းတို့ထံတွင် မှတ်ပုံတင်ထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အကောင့်ကို ပိတ်သိမ်းပယ်ဖျက်လိုက်ပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ယင်းအကောင့်ကို ယမန်နေ့ (မေလ ၁၄ ရက်နေ့)က ပိတ်သိမ်းပယ်ဖျက်လိုက်ခြင်းကြောင်း တွစ်တာက သတင်းထုတ်ပြန်ထားသည်။

ဖေ့စ်ဘွတ်ခ်နှင့် VK လူမှုကွန်ရက် စာမျက်နှာများသည်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်သက်ဆိုင်သော စာမျက်နှာများကို ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများထက်မှနေ၍ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လက အပြီးတိုင် ပိတ်သိမ်းဖယ်ရှားပစ်ခဲ့ပြီး လက်ရှိတွင် တွစ်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အကောင့်ကို ပိတ်သိမ်းဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်၊ တွစ်တာနှင့် VK တို့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သက်ဆိုင်သည့်စာမျက်နှာများကို ဘင်္ဂါလီအရေးဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပိတ်သိမ်းပယ်ဖျက်ပစ်လိုက်ကြခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် အခြေစိုက်၍ ၎င်းတို့ကိုယ်ကိုယ် မြန်မာရိုဟင်ဂျာ အစည်းအရုံး၏အမည်ပေးအပ်မှည့်ခေါ်ထားသည့် အဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်က တွစ်တာလူမှုကွန်ရက်စာမျက်နှာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏စာမျက်နှာကို ပိတ်သိမ်းအရေးယူလိုက်သည်မှာ ရိုဟင်ဂျာများအားလုံးအတွက် အောင်ပွဲတစ်ရပ်ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

ဦးထွန်းခင်သည် ၎င်းအနေနှင့် တွစ်တာလူမှုကွန်ရက်ရုံးချုပ် အခြေစိုက်ရာ ဆီလီကွန်ဗယ်လီသို့ သွားရောက်၍ အမှုဆောင်အရာရှိများနှင့်တွေ့ဆုံကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အပြစ်များကို ထောက်ပြပြီး အကောင့်ပိတ်သိမ်းပေးပါရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြထားပြီး ၎င်းမှာ ဂူဂဲလ်၊ Youtube၊ ဖေ့စ်ဘွတ်ခ် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သောအကောင့်များ၊ စာမျက်နှာများက သတင်းမှားများ ရေးသားမှုကို တတ်နိုင်စွမ်းသမျှ စိစစ်တားမြစ်ပေးပါရန်လည်း တောင်းဆိုထားကြောင်း ဦးထွန်းခင်က ပြောကြားထားသေးသည်။

တွစ်တာ လူမှုကွန်ရက်စာမျက်နှာ၏ စီးအီးအို ဂျက်ခ်ဒေါ်ဆေးသည် မြန်မာနိုင်ငံသို့ ဝိပဿနာတရား လာရောက်အားထုတ်ခဲ့အပြီးတွင် မြန်မာနိုင်ငံမှာ သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဟု မှတ်ချက်ပေးခဲ့ဖူးသည့်အတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများကို ရင်ဆိုင်ခဲ့ရဖူးသည်။

E-11