News

POST TYPE

NEWS

YBS ၂၁ ယာဉ် ဘရိတ်ပေါက်ရာမှ ရဲတပ်ဖွဲ့ဝင်များပါယာဉ်ကို ဝင်တိုက်၊ ရဲခြောက်ဦး ဒဏ်ရာရ
15-May-2019


ရန်ကုန်၊ မေ ၁၄ 

အင်းစိန်မြို့နယ်၊ ဘီအိုစီမှတ်တိုင်တွင် မေ ၁၃ ရက် မွန်းလွဲပိုင်းက YBS (၂၁) ခရီးသည်တင်ယာဉ်တစ်စီးမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ရာမှ စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးရေးအဖွဲ့လိုက်ပါလာသောယာဉ်ကို ဝင်တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

YBS (၂၁) ယာဉ်မှာ အင်းစိန်လမ်းအတိုင်း ဘီအိုစီဘက်မှ သမိုင်းလမ်းဆုံဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီမှတ်တိုင်အရောက် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးတွင်ရပ်ထားသည့် စည်းကမ်းမဲ့ယာဉ် ဖမ်းဆီးရေးအဖွဲ့ဝင်များ လိုက်ပါလာသော တောင်းအေ့စ်ယာဉ်ကို ဝင်တိုက်မိခဲ့သည်။ 

ယာဉ်တိုက်ခံရသည့်အရှိန်ဖြင့် တောင်းအေ့စ်ယာဉ်မှ Caldina အမျိုးအစား ယာဉ်သုံးစီးနှင့် Rosa အမျိုးအစား ယာဉ်တစ်စီးတို့ကို ထပ်မံတိုက်မိခဲ့ပြီး တောင်းအေ့စ် ယာဉ်ပေါ်ပါ ရဲအုပ်သိန်းလှိုင်အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦး ဖူးရောင်နာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယာဉ်တိုက်မှုကျူးလွန်ခဲ့သည့် YBS (၂၁) ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်းကို အင်းစိန်မြို့မရဲစခန်းက ယာဉ် (ပ) ၄၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03



  • VIA