News

POST TYPE

NEWS

အမေရိကန်ထရမ့်နှင့် တရုတ်ရှီကျင့်ဖျင်တို့၏ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာ
15-May-2019



ဝါရှင်တန်၊ မေ ၁၄

တရုတ်ကုန်စည် ဒေါ်လာဘီလီယံ ၃၀၀ ဖိုးအပေါ် အခွန်တိုးမြှင့်လိုက်သည့် ထရမ့်၏ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေနှင့် တရုတ်နိုင်ငံက အမေရိကန် ကုန်စည် ဒေါ်လာ ၆၀ ဘီလီယံဖိုးအပေါ် အခွန်တိုးမြှင့်ချမှတ်လိုက်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

တစ်နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်တာဝန်ရှိသူများက ၎င်းတို့ အသာစီးရနေသည်ဟု ဆိုကြသော်လည်း တရုတ်ဘက်က အမေရိကန် လယ်ယာထွက်ကုန်များကို သပိတ်မှောက်ခြင်း၊ အမေရိကန်က ပေးရန်ရှိသော ကြွေးမြီများကို အခြားသို့လွှဲပြောင်းခြင်း၊ ဘိုးအင်းလေယာဉ် အမှာစာ ဖျက်သိမ်းခြင်းတို့ဖြင့် အရှိန်မြှင့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် သမ္မတထရမ့်က ပြန်လည်သင့်မြတ်ရေး တံခါးကို ဖွင့်ပေးထားပြီး လာမည့်လ ဂျပန်တွင် ကျင်းပမည့် G-20 ထိပ်သီးညီလာခံတွင် ရှီကျင့်ဖျင်နှင့် အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှု ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

ထရမ့်သည် တစ်ချိန်တည်းတွင် တရုတ်ကုန်စည် ဒေါ်လာ ၃၂၅ ဘီလီယံဖိုးအပေါ် အခွန်နှုန်းတိုးမြှင့်မည့် အစီအစဉ်ကို စတင်ရန် ညွှန်ကြားထားသည်။

သို့သော်လည်း ထရမ့်က အဆိုပါ အခွန်များ စည်းကြပ်ရေးကို အပြီးသတ် မဆုံးဖြတ်ရသေးဟု တနင်္လာနေ့က ပြောကြားသည်။

ဘေဂျင်းကလည်း လက်တုံ့ပြန်သည့် အခွန်များ သက်ရောက်မည့်ရက်ကို ဇွန်လ ၁ ရက်အဖြစ် သတ်မှတ်ထားရာ ပြေလည်ရေးအတွက် အဖြေရှာရန် အချိန်ပေးထားသည့် သဘောပင်ဖြစ်သည်။

သို့ရာတွင် ထရမ့်ကမူ အခွန်နှုန်းမြှင့်သည့် ဆုံးဖြတ်ချက်သည် အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“လက်တုံ့ပြန်မှု ရှိနိုင်ပေမယ့် နှိုင်းယှဉ်ကြည့်ရင် မပြောပလောက်ပါဘူး။ ကျုပ်ကတော့ အမေရိကန်ရဲ့ အနေအထားကို သဘောကျတယ်”ဟု ထရမ့်က ဆိုသည်။

အခွန်နှုန်းမြင့်တက်မှုကို စိုးရိမ်နေကြသော အမေရိကန် ကုန်ထုတ်လုပ်သူများအား ထရမ့်က ၎င်းတို့၏ ထုတ်လုပ်မှုများကို အမေရိကသို့ ရွှေ့ကြရန်နှင့် အနည်းဆုံး တရုတ်နိုင်ငံ အပြင်သို့ ရွှေ့ကြရန် ထရမ့်က တိုက်တွန်းထားသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂန်ရှောင်က “တရုတ်နိုင်ငံဟာ ပြည်ပက ဖိအားပေးမှုတွေကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ပါဘူး”ဟု တနင်္လာနေ့က ပြောကြားသည်။

“သမ္မတနှစ်ဦးကတော့ ဆက်သွယ်မှုကို နည်းအမျိုးမျိုးနဲ့ ထိန်းသိမ်းထားကြပါတယ်။ အမေရိကန်က ပေးရန်ရှိတဲ့ ကြွေးမြီတွေကို အခြားနိုင်ငံတစ်ခုဆီ လွှဲပြောင်းနိုင်ရေးကိုလည်း တရုတ်ပညာရှင်တွေက စဉ်းစားနေကြပါတယ်”ဟု ၎င်းက ပြောကြားသည်။  

F-04