News

POST TYPE

NEWS

မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်သူများကို သီရိလင်္ကာ အမြင့်ဆုံး အင်အားသုံး နှိမ်နင်းမည်
15-May-2019


ကိုလမ်ဘို၊ မေ ၁၄

သီရိလင်္ကာနိုင်ငံတွင် အီစတာဆန်းဒေး ဗုံးခွဲတိုက်ခိုက်မှုများအပြီး မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ပျံ့နှံ့ခဲ့ပြီးနောက် တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ကို တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အနောက်မြောက်ပိုင်းပြည်နယ်တွင်မူ ကာဖျူးအမိန့် ဆက်ရှိနေဦးမည်ဟု ရဲက ဆိုသည်။

မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုဖြစ်စဉ်များတွင် ဗလီများနှင့် မွတ်ဆလင်ဈေးဆိုင်များ ဖျက်ဆီးခံရပြီး မွတ်ဆလင်အမျိုးသားတစ်ဦး အသတ်ခံခဲ့ရသည်။

မြို့ပေါင်းများစွာတွင် ရဲများက သေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် လူစုခွဲခဲ့ရသည်။

ရဲမင်းကြီး ချန်ဒါနာဝစ်ကရာမာရက်နီက အကြမ်းဖက်အဓိကရုဏ်းများကို အမြင့်ဆုံးအင်အားသုံး နှိမ်နင်းသွားမည်ဟု ရုပ်သံမိန့်ခွန်းတွင် သတိပေးပြောကြားသည်။

ဝန်ကြီးချုပ် ရာနီးလ်ဝစ်ကရီမီ ဆင်ဂယ်ကလည်း သည်းခံစိတ်ရှည်ကြရန် မေတ္တာရပ်ခံလိုက်ပြီး မငြိမ်မသက်မှုများက ယခင်လ တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြောကြားသည်။

သီရိလင်္ကာ လူဦးရေ ၂၂ သန်းတွင် ၁၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ပြီး ဗုဒ္ဓဘာသာ ဆင်ဟာလီများက လူများစု ဖြစ်ကြသည်။

မငြိမ်သက်မှုများသည် မြို့တော် ကိုလမ်ဘို၏ မြောက်ဘက်ရှိ ခရိုင်သုံးခုကို ဗဟိုပြု၍ ဖြစ်ပေါ်လျက်ရှိသည်။ စစ်သားများက ရေကန်တစ်ခုကို လက်နက်များ ရှာဖွေခဲ့ပြီးနောက် အနီးရှိ အဆောက်အအုံတစ်လုံးကို လူတစ်စုက ရှာဖွေခွင့်တောင်းရာမှ အဓိကရုဏ်းများ အစပြုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှု ဖြစ်ပေါ်အောင် Facebook တွင် နှိုးဆွရာရောက်သည့် ပို့စ်တင်ခဲ့သော အသက် ၃၈ နှစ်အရွယ် မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ရဲက ဖမ်းဆီးထားသည်။

အနောက်မြောက်ပိုင်း ပူတာလန်ခရိုင်တွင် မွတ်ဆလင်တစ်ဦး၏ အလုပ်ရုံကို လူအုပ်ကြီးက တိုက်ခိုက်ဖျက်ဆီးကာ ပိုင်ရှင်ကို ဓားဖြင့်ဝိုင်းထိုးခဲ့ခြင်းကြောင့် လုပ်ငန်းရှင် မွတ်ဆလင်တစ်ဦး သေဆုံးခဲ့ရသည်။

သမ္မတ၏ အကြံပေး လတ်သီလာကာက “အစိုးရက ဒီအခြေအနေကို ထိန်းချုပ်ဖို့ ပိုင်းဖြတ်ထားပါတယ်။ ဒီည ကစပြီးတော့ အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာပါ”ဟု ပြောကြားသည်။ 

F-04



  • VIA