News

POST TYPE

NEWS

စစ်ကွင်းမြို့တွင် မိုးကြိုးပစ်၍ ကျောင်းဆရာတစ်ဦး သေဆုံး
15-May-2019

တိုက်ကြီး၊ မေ ၁၅ 

ပဲခူးတိုင်း မင်းလှမြို့နယ် စစ်ကွင်းမြို့ စီဂွကျေးရွာ၌ မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်က မိုးကြိုးပစ်၍ အသက် ၃၃ နှစ်အရွယ် မူလတန်းပြဆရာ ဦးစွမ်းမင်းထက် သေဆုံးသွားကြောင်း စစ်ကွင်းနယ်မြေရဲစခန်းထံမှ သိရသည်။ 

လယ်ကွင်းရှိစပါးပုံကို တာလပတ်အမိုးအုပ်ရန် သွားချိန်၌ မိုးကြိုးပစ်ခံရခြင်းဖြစ်သည်ဟု မျက်မြင်များက ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းအရသိရသည်။

“အဲဒီဆရာက စီဂွကျေးရွာက ရွာခံကျောင်းဆရာမနဲ့အိမ်ထောင်ကျပြီး သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ သားလေးကအခုမှ ၁၄ ရက်ပဲရှိသေးတယ်”ဟု စီဂွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောကြားသည်။ 

မိုးကြိုးထိမှန်မှုကြောင့် ပါးစပ်နှင့်နှာခေါင်းတွင် သွေးထွက်နေပြီး ဝမ်းဗိုက်တွင် မီးလောင်ဒဏ်ရာများရခဲ့ကြောင်း ဒေသခံ မျက်မြင်ရွာသားများ၏ ပြောပြချက်အရလည်းသိရသည်။ 

အဆိုပါလူသေမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးပေးရန် ဒုရဲအုပ် တင်ထွန်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းထားသဖြင့် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၉) ဖြင့် အမှုဖွင့်ပေးထားကြောင်း စစ်ကွင်းရဲစခန်းထံမှ သိရသည်။

R-19