News

POST TYPE

NEWS

သင်္ဘောများ ယူအေအီးပင်လယ်ပြင်တွင် တိုက်ခိုက်ခံရမှု ဆော်ဒီရေနံတင်သင်္ဘောကြီးနှစ်စင်း ထိခိုက် ၊ လက်သည်မပေါ်သေး
15-May-2019



အဘူဒူဘိုင်း၊ မေ ၁၄

အာရပ်စော်ဘွားများပြည်ထောင်စု UAE ပင်လယ်ပြင်တွင် စီးပွားကုန်သွယ် ကူးသန်းရေးသင်္ဘော လေးစင်း အဖျက်အမှောင့်သမားများ၏ တိုက်ခိုက်ခံရကာ ဆော်ဒီ ရေနံတင်သင်္ဘောကြီးနှစ်စင်းလည်း ထိခိုက်ခဲ့ရပြီး လက်သည်တရားခံကို စုံစမ်းဆဲဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

ဖူဂျာရာစော်ဘွား ကမ်းရိုးတန်း ဆိပ်ကမ်းတွင် တိုက်ခိုက်ခံရမှု၌ ဆော်ဒီရေနံတင်သင်္ဘောကြီးနှစ်စင်း ထိခိုက်ခဲ့ရကြောင်း အဆိုပါ ဘုရင့်နိုင်ငံက အတည်ပြုထားသည်။ 

အာရပ်ပင်လယ်ကွေ့ကို ရေနံတင်သင်္ဘောကြီးများ ဖြတ်သန်းနေစဉ်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဆော်ဒီ စွမ်းအင်၊ စက်မှုနှင့် ဓာတ်သတ္တုအရင်း အမြစ်ဝန်ကြီး ခါလစ်အယ်ဖာလီက ပြောကြားခဲ့သည်။ 

စုစုပေါင်းသင်္ဘော လေးစင်းတိုက်ခိုက်ခံရခြင်းဖြစ်ကာ ဟော်မုဇ်ရေလက်ကြား၏ အပြင်ဘက် ဖူဂျာရာဆိပ်ကမ်းနားတွင် တိုက်ခိုက်ခံရခြင်းဟု ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆော်ဒီ ရေနံတင်သင်္ဘောကြီး နှစ်စင်းအပြင် နော်ဝေတွင် မှတ်ပုံတင်ထားသော သင်္ဘောနှင့် ယူအေအီးအလံလွှင့် ထူထားသောသင်္ဘောတို့ ဖြစ်ကြသည်။

ဟော်မုဇ်ရေလက်ကြားနှင့် နယ်စပ်ချင်း ထိစပ်နေသော အီရန်က အဆိုပါ ဖြစ်ရပ်အတွက် စုံစမ်းလေ့လာမှုများ ပြုလုပ်ရန် ဆော်ဩထားသည်။ 

ကမ္ဘာ့ရေနံသုံးစွဲမှုပမာဏ၏ ငါးပုံတစ်ပုံခန့်သည် အဆိုပါ ဧရိယာကို ဖြတ်သန်းသွားပြီး ဒေသတွင်းတင်းမာမှုများလည်း မြင့်တက်လျက်ရှိသည်။ 

ရေလမ်းကြောင်းအသုံးပြုခွင့်ကို ပိတ်ထားမည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု အီရန်ဘက်က ခြိမ်းခြောက်ထားသေးသည်။ 

အီရန်ရေနံများကို တင်သွင်းသည့် နိုင်ငံများအား ပိတ်ဆို့အရေးယူထားခြင်း ရပ်ဆိုင်းထားရာမှ ပြန်စတင်မည်ဟု အမေရိကန်က ဆုံးဖြတ်လိုက်ပြီး မကြာခင်မှာ အထက်ပါ မတော်တဆမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ 

မကြာသေးခင် ရက်ပိုင်းအတွင်းက ပင်လယ်ကွေ့တွင် အမေရိကန်စစ်သင်္ဘောကြီးများ လာရောက်တပ်စွဲပြီး အီရန်၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန်ဟု ဆိုထားသည်။ 

အီရန်အရေး ဥရောပနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ရှောင်တခင် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ သွားရောက်ခဲ့သည်။  
F-02