News

POST TYPE

NEWS

မစိမ့်ထက်ဖြစ်စဉ် သက်ဆိုင်ရာက အရေး ယူ မယူ စောင့်ကြည့်ပြီး တရားစွဲဆိုရန် သင့်မသင့် ဆုံးဖြတ်မည်
13-May-2019


ရန်ကုန်၊ မေ  ၁၂

ရေခဲတောင်တက်ခရီးစဉ်တွင် ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဆောင်သွားရောက်ခဲ့သည့် တောင်တက်အဖွဲ့ကို သက်ဆိုင်ရာက အရေး ယူ မယူ စောင့်ကြည့်ကာ တရားစွဲဆိုမှု လုပ် မလုပ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောသည်။

အဆိုပါ ပြုတ်ကျသေဆုံးခဲ့သည့် ရေခဲတောင်တက်ခရီးစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တောင်တက်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ဦးဆောင်ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ပြီး ရှာဖွေတွေ့ရှိမှု အခြေအနေနှင့်ပတ်သက်၍ မေလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 
လက်ရှိတွင် အဆိုပါ ရှာဖွေကယ်ဆယ်ရေးပြုလုပ်ရာတွင် မစိမ့်ထက် တောင်ပေါ်မှ ပြုတ်ကျစဉ်က ဝတ်ဆင်ခဲ့သည့် ဂျာကင်အင်္ကျီတစ်ထည်နှင့် မျက်မှန်ကို တွေ့ရှိခဲ့သည်။

အဆိုပါ တောင်တက်အဖွဲ့အနေနှင့် ၎င်းတို့၏ တောင်တက်ခရီးစဉ်ကို ဌာနဆိုင်ရာများကို အသိပေးသွားခဲ့မှု မရှိခြင်း၊ လုံခြုံရေး လုံလောက်သည့် အခြေအနေ မရှိခြင်းတို့အတွက် သက်ဆိုင်ရာက အရေးယူခြင်း ပြု မပြုကို စောင့်ကြည့်နေပြီး ယင်းအဆင့်တက်ရောက်ပြီးမှ နောက်တစ်ဆင့် တရားစွဲ အမှုဖွင့်ခြင်းတို့ကို လုပ်ဆောင်သွားဖြစ်ကြောင်း မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးက ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် လက်လျှော့မှာတော့ မဟုတ်ဘူး။ တရားစွဲဆိုမှုထက် သူတို့ကို ဌာနဆိုင်ရာတွေ အသိမပေးသွားဘူး၊ လုံခြုံရေးကြိုး မလုပ်ထားဘူး။ အဲဒါတွေနဲ့ သက်ဆိုင်ရာက အရေးယူမယူ စောင့်ကြည့်နေတယ်။ အဲဒီအဆင့်တက်ပြီးမှ တရား စွဲ မစွဲကို ဆုံးဖြတ်သွားမယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က The Summiter တောင်တက်အဖွဲ့၏ ဖုန်ကန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်တွင် မစိမ့်ထက်တစ်ယောက် ခြေချော်ကာ တောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ယင်းတောင်တက်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အပေါ် မစိမ့်ထက်၏ မိသားစုဝင်များက ကျေနပ်မှု မရှိခဲ့ကြဘဲ ပြုတ်ကျခဲ့သည့်ဖြစ်စဉ်ကို သက်သေ အထောက်အထား ခိုင်လုံစွာ ပြသနိုင်ခြင်း မရှိသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

မစိမ့်ထက်ကို ပြန်လည်ရှာဖွေရန် အဖွဲ့ဝင် ၁၄ ဦးခန့် ပါဝင်သည့် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ပြန်လည်ရှာဖွေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

မစိမ့်ထက် ပြုတ်ကျခဲ့သည့် နေရာသည် ပေငါးထောင်ကျော်ခန့် မြင့်မားသည့် တောင်စောင်းဖြစ်ပြီး မစိမ့်ထက်၏ ဂျာကင်အင်္ကျီနှင့် မျက်မှန်ကို လမ်းတစ်ဝက် တောင်စောင်းပေါ်တွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုနှင့် မြေပြင်အခြေအနေများကြောင့် အောက်ထဲထိ မဆင်းနိုင်ဘဲ ပြန်လှည့်လာရကြောင်း ရှာဖွေကယ်ဆယ်ရေးတွင် လမ်းပြ တောင်တက်သမားအဖြစ် ပါဝင်ခဲ့သည့် ဦးလန်ဝမ်ထိန်က ပြောသည်။

“လုံခြုံရေးကြိုး ချည်မချည်ဆိုတာ သူတို့ ရောက်တဲ့အချိန် ရေခဲအခြေအနေ ပေါ် မူတည်တာပေါ့။ သူတို့လည်း တောင်တက်သမားတွေပဲ။ ဂျာကင်အင်္ကျီကတော့ တောင်စောင်းတစ်နေရာမှာ ငြိနေတာ။ မျက်မှန်ကလည်း နောက်တစ်နေရာမှာ ထပ်တွေ့တယ်။ သူကျတဲ့တောင်ကို လမ်းကြောင်းအတိုင်း အောက်က ပြန်ဆင်းလိုက်တာပေါ့။ ဘော်ဒီကတော့ မတွေ့ခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် တောင်တက်အားကစားကို လူသိများလာပြီး ရေခဲတောင်များ တက်ရောက်မှုများတွင် အစုအဖွဲ့အလိုက်၊ ခရီးသွား ကုမ္ပဏီအလိုက်၊ တစ်ဦးချင်းအလိုက် တက်ရောက်မှုများ အလွယ်တကူ ပြုလုပ်နေကြပြီး တောင်တက်အဖွဲ့ချုပ် အပါအဝင် ဌာနဆိုင်ရာများကို အသိမပေးဘဲ နားလည်မှုဖြင့် တက်ရောက်နေကြသည့် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဧဝရက်တောင် အောင်မြင်စွာ တက်ရောက်ခဲ့သူ ကိုပြည့်ဖြိုးအောင်က ပြောသည်။

“အခုဆို မြန်မာနိုင်ငံမှာ ဒါမျိုး နှစ်ကြိမ်ဖြစ်လာပြီ၊ အဖွဲ့အစည်းအသီးသီးက သွားတယ်၊ Tour တွေလည်း သွားနေကြတယ်။ ဒါမျိုး Case တစ်ချိန်ချိန် ကြုံလာနိုင်တယ်။ အခု ကျွန်တော်တို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ဖို့ကို လုပ်ဆောင်သွားမယ်။ အချိန်တစ်ခုမှာ ပရော်ဖက်ရှင်နယ် တောင်တက်သမားတွေနဲ့ ဖွဲ့ထားတဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ဖြစ်လာနိုင်အောင် ကြိုးစားသွားမယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းကလည်း ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်တွင် သဘာဝခေါ်သံ တောင်တက်အဖွဲ့မှ တောင်တက်သမားနှစ်ဦးဖြစ်သည့် ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူတို့လည်း ပျောက်ဆုံးသွားသည့်ဖြစ်စဉ် ဖြစ်ပွားဖူးသည်။

J-08