News

POST TYPE

NEWS

ပန်းတောင်းမြို့နယ်အတွင်း တရားမဝင် သစ်များ ဖမ်းဆီးရမိ
09-May-2019
ပန်းတောင်း၊ မေ ၉ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းတစ်ခုအတွင်းမှ တရားမဝင်သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနထံမှ သိရသည်။

လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS အရ သစ်တောဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကုလားဝန်ချောင်းဖျား၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ် ၅၆ အတွင်း တရားမဝင် သစ်၊ ကျွန်းနှင့် ပျဉ်းကတိုးခွဲသား ၄၄၃ ချောင်း၊ တန်ချိန် ၃၉ ဒသမ ၇၀၃၀ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်- ပေါင်းတ လည်ကားလမ်း မိုင်တိုင်အမှတ် ၁၉/၂ နှင့် ၁၉/၃ အကြားတွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် စုစုပေါင်း ၃၂ လုံး တန်ချိန် ၆ ဒသမ ၉၅၈၀ တန်နှင့် တရားမဝင် သစ်သယ်ဆောင်လာသူ ၇ ဦးကို သစ်တောဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း တရားမဝင် သစ်ဖမ်းဆီးရာတွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လကုန်အထိ ကျွန်းနှင့် သစ်မာ အပါအဝင် တရားမဝင် သစ်တန် ချိန်စုစုပေါင်း သုံးသောင်းနီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

E-03