News

POST TYPE

NEWS

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ သုံးပတ်အတွင်း အကျဉ်းသား နှစ်သောင်းသုံးထောင်ကျော်လွတ်
08-May-2019
ရန်ကုန်၊ မေ ၇

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၃ ပတ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား နှစ်သောင်းသုံးထောင်ကျော်ကို လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

၂၀၁၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီးချိန်တွင် အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်သည် မမျှမတဖြစ်သည်ဟုဆိုကာ ထောင်အချို့နှင့် ရဲဘက်စခန်းအချို့တွင် ဆူပူမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်က အကျဉ်းသားများနှင့် တွေ့ဆုံဆွေးနွေးကာ မမျှတမှုများကို သမ္မတထံပေးပို့ပြီးနောက် ဧပြီ ၂၆ တွင် တစ်ကြိမ်၊ မေ ၇ ရက်တွင် တစ်ကြိမ် ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် သဝဏ်လွှာတွင်တော့ ပြည်သူလူထုစိတ် နှလုံးငြိမ်းချမ်းစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ယခုကဲ့သို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

ယနေ့ မေ ၇ ရက်တွင် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သော အကျဉ်းသားများတွင် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ပါဝင်ခဲ့ပြီး မူးယစ်ဆေးမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံနေရသူ သရုပ်ဆောင်မိုးအောင်ရင်လည်း ပါဝင်လာခဲ့သည်။ 

ထို့ပြင် ABSDF (မြောက်ပိုင်း) အဖွဲ့မှ ဒုဥက္ကဌ ဦးအောင်ဆွေဦးနှင့် ရဲဘော်မောင်ဦးတို့လည်း မိုးညှင်းအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး အစိုးရနှင့် အပစ်ရပ်ဆဲရေးစာချုပ်လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အသီးသီးမှ အကျဉ်းသား ၂၃ ဦးလွှတ်ပေးခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောသည်။ 

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်တွင် ၂၀၁၉ ခုနှစ် ဧပြီ ၁၇ တွင် ၉၅၃၅ ဦး ၊ ဧပြီ ၂၆ တွင် ၆၉၄၈ ဦး ၊ မေ ၇ တွင် ၆၅၂၀ ဦး စုစုပေါင်း အကျဉ်းသား ၂၃,၀၀၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်တချက်မထားဘဲ အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။