News

POST TYPE

NEWS

ရွှေဘိုပေါ်ဆန်းနှင့် ဆန်ချောလက်ကားဈေး ဆက်တက်
07-May-2019


ရန်ကုန်၊ မေ ၇

ဈေးနှုန်း ဆက်တိုက်မြင့်တက်နေသော ရွှေဘိုပေါ်ဆန်းနှင့် ဆန်ချော လက်ကားဈေးနှုန်းများသည် ယခုအခါ ဆက်လက်မြင့်တက်ကြောင်း ရန်ကုန်မြို့တော်၏ အဓိက ဆန်ချောဈေးကွက်ဖြစ်သော ဝါးတန်းဆန်ဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်း၌ အဓိက စားသုံးသည့် ဆန်များဖြစ်သော ရွှေဘိုပေါ်ဆန်းနှင့် ကြားပျံကဲ့သို့ ဆန်ချောဈေးနှုန်းများသည် အရောင်းအဝယ် ကောင်းမွန်ခြင်းနှင့်အတူ ရန်ကုန်သို့ နယ်အဝင်နည်းပါးနေခြင်းတို့ကြောင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ယခင်ထက် ကျပ် ၂၀၀၀ ခန့်နှင့် ကြားပျံရှယ်တစ်အိတ်လျှင် ကျပ် ၁၅၀၀ မှ ၃၀၀၀ ခန့်အထိ မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ယင်းဆန်များ ဈေးဆက်တက်လာသော်လည်း ဧရာဝတီတိုင်းထွက် ပေါ်ဆန်းဈေးနှုန်းများ အမြင့်ဈေးဖြင့် ငြိမ်သက်နေပြီး လက်ရှိအခြေအနေအရ ရွှေဘိုပေါ်ဆန်းဈေးနှုန်းမှာ အမြင့်ဈေးဖြင့် တည်ငြိမ်သွားနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ပြောကြားသည်။

ရွှေဘိုပေါ်ဆန်းလက်ကားဈေးသည် ဧပြီလ တတိယပတ်မှ မေလ ပထမပတ်အထိ သုံးပတ်ဆက်မြင့်တက်ခြင်းဖြစ်ပြီး ထို့ကြောင့် သုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ရန်ကုန်ဝါးတန်းဆန်ဈေးကွက်အတွင်းသို့ နယ်ဒေသများမှ ဆန်ချောဝင်ရောက်မှုသည် တစ်ရက်လျှင် ဆန်အိတ်ရေ တစ်သောင်းခွဲမှ နှစ်သောင်းကြားသာ ဝင်ရောက်ကြောင်း ယင်းဆန်ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိဆန်ဈေးကွက်အတွင်း မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ၄၀,ဝ၀၀ မှ ၄၃,ဝ၀၀ အထိ၊ ဖျာပုံ/ဒေးဒရဲပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈,ဝ၀၀ မှ ၄၀,ဝ၀၀ အထိ၊ ပေါ်ဆန်းနယ်စုံတစ်အိတ်လျှင် ကျပ် ၃၃,ဝ၀၀ မှ ၃၆,ဝ၀၀ အထိ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၁,ဝ၀၀ မှ ၅၃,ဝ၀၀ အထိ၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၁၉,ဝ၀၀ မှ ၂၀,ဝ၀၀ အထိနှင့် ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆,၈၀၀ မှ ၁၇,၅၀၀ အထိဈေးရှိကြောင်း ဘုရင့်နောင်နှင့် ဝါးတန်းဆန်ကုန်စည်ဈေးကွက်များအတွင်းမှ သိရသည်။

S-04