News

POST TYPE

NEWS

ဇီးကုန်းမြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးကို NLD ပါတီမှ တရားပြန်စွဲရန်ပြင်ဆင်
04-May-2019
ဇီးကုန်း၊ မေ ၄ 

လူမှုကွန်ရက် စာမျက်နှာတွင် အခြားသူ တင်ထားသည့်ပို့စ်အား ထပ်ဆင့်မျှဝေခဲ့သည့်အတွက် တရားစွဲဆိုခံရမှုနှင့်ပတ်သက်၍ ဇီးကုန်းမြို့နယ် ကြံ့ခိုင်ရေး ပါတီအတွင်းရေးမှူးကို ပြန်လည်တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးပြည်ကျော်က ပြောကြားသည်။

လူမှုကွန်ရက်စာမျက်နှာ၌ ညီသျှပ် ဆိုသည့်အကောင့်ပိုင်ရှင်က “မြန်မာနိုင်ငံမှာ ငွေ ၂၀၀၀ ရဖို့အရေး မလွယ်ပါလား။ ဒါကြောင့်မို့ ပြည်သူတိုင်းလိုလို ငွေနောက်ချည်း အသည်းအသန်လိုက်၊ ဘာလုပ်ရ လုပ်ရ စရိုက်ပျက်လာကြတာ မဆန်းတော့ဘူး။ မနေ့ (ဧပြီ ၂၇) က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့က ခြေ/ဥ ထောက်ခံပွဲဆန္ဒပြကြတာဟာ လူတစ်ဦးကို ငွေ ၂၀၀၀ တည်းတဲ့။ ပုံပါအနီဝိုင်းထားတဲ့သူ လောင်းကစားဆရာကြီး ဝင်းဦးဆိုတဲ့သူကို ကြံ့ဖွံ့တွေက လူ ၈၀၀ ရှာခိုင်းတာတဲ့ဗျာ။ လူရှာပေးပြီးတာနဲ့ ဝင်းဦးဆိုတဲ့ လောင်းကစားဆရာကြီးက ငွေရှင်းပေးပြီး ချက်ချင်းဆိုသလို ပျောက်သွားတယ်တဲ့”ဟု ရေးသားထားသောပို့စ်ကို ရွှေထိုက် အကောင့်ပိုင်ရှင်ဖြစ်သူ ကျော်လင်းထိုက် (ခ) ကိုထိုက် (အလှပြုပြင်ရေး) က ပြန်လည် မျှဝေမိရာမှ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် (အမှုမြောက် မမြောက်) ကို စောင့်ကြည့်မယ်။ အကယ်၍ အမှုမြောက်တယ်ဆိုရင် ကျွန်တော်တို့ ပါတီက တရားပြန်စွဲမှာပါ။ ဒါက နစ်နာတဲ့ပြည်သူဘက်က ရပ်တည်ပေးချင်တဲ့သဘောပါ”ဟု ဦးပြည်ကျော်က ထပ်မံပြောကြားသည်။

နတ္တလင်းမြို့တွင် နေထိုင်သည့် ရွှေထိုက်အကောင့်ပိုင်ရှင်ဖြစ်သူ အလှဖန်တီးရှင် ကျော်လင်းထိုက် (ခ) ကိုထိုက်အား ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဇော်လင်းထွန်းက ပါတီပုံရိပ်ထိခိုက်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဇီးကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။

“တရားစွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစ်ကိုတို့ပါတီမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ရှိပါတယ်။ ဒီကိစ္စပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မဖြေချင်တော့ဘူး။ ပါတီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်”ဟု တရားလိုဖြစ်သူ ဇီးကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဇော်လင်းထွန်းက ပြောဆိုသည်။

နတ္တလင်းမြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် မှုခင်းသတင်းထောက် အောင်ကျော်မင်း (ခ) မိုးကြီးဆို သူကလည်း အလှဖန်တီးရှင် ကျော်လင်းထိုက် (ခ) ကိုထိုက်ကို နတ္တလင်းမြို့မရဲစခန်း၌ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံ တရားစွဲဆိုထားသည်။

“ဧပြီလ ၃၀ ရက်နေ့ည ၈ နာရီလောက်မှာ နတ္တလင်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ အိမ်ကိုရောက်လာတယ်။ ခဏလိုက်ခဲ့ပါဆိုလို့ လိုက်သွားတယ်။ စခန်းရောက်တော့ ၆၆ (ဃ) နဲ့ငြိတယ်ပြောပါတယ်။ Facebook မှာ သူများတင်ထားတဲ့ Post ကို Share တယ်၊ ကွန်မန့်ဝင်ရေးမိတယ်ပေါ့။ ဒါကို ၆၆ (ဃ) နဲ့ငြိလို့ဆိုပြီး အမှုဖွင့်ခံရတာ။ အမှန်ကတကယ် တင်တဲ့သူကို ဖမ်းရမှာလေ။ အခုတော့ Share လုပ်တဲ့သူကို လာဖမ်းတော့ သဘာဝ မကျဘူးဖြစ်နေတယ်”ဟု ကိုကျော်လင်းထိုက် (ခ) ကိုထိုက်က ပြောကြားသည်။

R-19