News

POST TYPE

NEWS

အလုပ်သမားရေးရာ အငြင်းပွားမှုများကို တည်ဆဲဥပဒေများဖြင့်သာ ဖြေရှင်းရန် သမ္မတ တိုက်တွန်း
02-May-2019
ရန်ကုန်၊ မေ ၁

အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြေရှင်းရာတွင် တည်ဆဲဥပဒေနှင့်သာဖြေရှင်းရန် အလုပ်သမားနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

လှိုင်သာယာတွင် ယနေ့ (မေ ၁) ကျင်းပသည့် ၁၂၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့ခဲ့သည့် သမ္မတ၏ သဝဏ်လွှာတွင် ယခုကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

အလုပ်သမားများအနေနှင့်လည်း ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ လိုလားချက်များကို တောင်းဆိုရာတွင် ဥပဒေနှင့်အညီ စေ့စပ်ဖြေရှင်းရန်လည်း သမ္မတက ဆိုသည်။

အလုပ်သမားများ အလုပ်အကိုင်ရရှိရေးအတွက် ဝန်ဆောင်မှု အပြည့်အဝပေးရေး၊ ကျွမ်းကျင်မှုသင်တန်းများပေးရေး၊ လုပ်ငန်းခွင်ဝင်ရောက်စဉ် လုပ်ခလစာများ ပုံမှန်ရရှိရေး၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်များ ခံစားခွင့်ရရှိရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကိုလည်း အစိုးရက အလေးထားဆောင်ရွက်လျက်ရှိကြောင်း သမ္မတ၏ အလုပ်သမားနေ့အခမ်းအနား သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ကြောင့် အလုပ်သမားများအနေနှင့်လည်း ကျွမ်းကျင်လုပ်သားများဖြစ်ရေး ကိုယ်တိုင်အားထုတ်ရန်လည်း လိုအပ်ကြောင်း သမ္မတက ဆိုသည်။

ထို့ပြင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးနှင့် အဆိုးရွားဆုံး ပုံစံနှင့် ခိုင်းစေမှုမရှိစေရန်အတွက် အန္တရာယ်ရှိသည့်အလုပ်များကို စာရင်းပြုစုနေကြောင်း သဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင် ဖြစ်ပေါ်ရန်အတွက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်တွေ့ဆုံမှုကို လေးလ တစ်ကြိမ်ပြုလုပ်၍ အလုပ်သမားဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးအတည်ပြုနေကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

၁၂၉ ကြိမ်မြောက် (မေဒေးနေ့) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားကို လှိုင်သာယာမြို့နယ် အောင်မြေသာယာ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် လုပ်သားခုနစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည်။

၂၀၁၁ ခုနှစ်မှစတင်ကာ အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် ၂၉၃၁ ဖွဲ့ရှိပြီဖြစ်သည်။

J-18


 




  • VIA