News

POST TYPE

NEWS

အသက်ရှင်နေသရွေ့ မလေးရှားကို ကျဆုံးအောင် ပစ်ထားမည်မဟုတ်ဟု ဝန်ကြီးချုပ်မဟာသီယာ ပြောကြား
01-May-2019


ကွာလာလမ်ပူ၊ ဧပြီ ၃၀

မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ၎င်းအသက်ရှင်နေသရွေ့ မလေးရှားနိုင်ငံ နွံနစ်ကျဆုံးသွားအောင် ခွင့်ပြုမည်မဟုတ်ဟု တနင်္လာနေ့က ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး ကျော်လွှားရန် မနိုင်မနင်းဖြစ်နေခြင်းကို ၎င်းအနေနှင့် သိရှိကြောင်း မဟာသီယာက အဖွဲ့အစည်း စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံတစ်ခုတွင် ပြောကြားသည်။

“ကျွန်တော်တို့ အတိတ်ကာလတုန်းက အောင်မြင်ခဲ့ကြတယ်။ အခုကော၊ အနာဂတ်မှာကော အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု မဟာသီယာက ပြောကြားသည်။

ပါကာတန်ဟာရာပန်အစိုးရ အာဏာရလာပြီး တစ်နှစ်နီးပါးရှိလာသည့် အချိန်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လူမျိုးရေးခွဲခြားမှု နိုင်ငံရေးပြဿနာများ၏ ဖိစီးမှုကို ခံနေရသည်။

ယခင်အပတ်က သဘောထား စစ်တမ်းများတွင် မဟာသီယာအပေါ် လုထုထောက်ခံမှုနှုန်း ထက်ဝက်အောက်သို့ ကျဆင်းသွားသည်ကို တွေ့ရှိရသည်။

မဟာသီယာသည် ကီဒီလန်ရက်က ယတ်ပ်ပါတီမှ အန်ဝါအီဘရာဟင်ထံ ၂ နှစ်အတွင်း အာဏာလွှဲပြောင်းပေးမည်ဖြစ်ပြီး ယခု ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတစ်ခုကို စီမံခန့်ခွဲရာတွင် ပြည်သူများအတွက် အကျိုးတူနယ်ပယ်နှင့် အကျိုးတူရည်မှန်းချက်များကို ရှာတွေ့ရန် အရေးကြီးဆုံးဖြစ်သည်ဟု မဟာသီယာက ပြောကြားသည်။

“ကျွန်တော် ပထမအကြိမ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကတည်းက နိုင်ငံကို စီမံခန့်ခွဲနိုင်တဲ့ လျှို့ဝှက်ချက်က ဘာတွေလဲလို့ မကြာခဏ မေးမြန်းခြင်း ခံရပါတယ်။ တကယ်တော့ အခြေခံအကျဆုံးနဲ့ လက်တွေ့ကျတဲ့ အယူအဆတွေထက် ပိုပြီးအရေးကြီးတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ အကျိုးတူ မူဝါဒတွေကို ဖော်ဆောင်နိုင်ပြီဆိုရင် အဲဒီအပေါ်မှာ အခြေခံပြီး နိုင်ငံကို တည်ဆောက်သွားရုံပါပဲ”ဟု မဟာသီယာက ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် အသက် ၉၃ နှစ်အရွယ် ဝန်ကြီးချုပ်မဟာသီယာကို အမြော်အမြင်ကြီးသော ခေါင်းဆောင်နှင့် နိုင်ငံတည်ဆောက်သူ ဆုများကို ချီးမြှင့်ခဲ့သည်။  

F-04


  • VIA