News

POST TYPE

NEWS

Cyber Bully နှင့်ပတ်သက်၍ ICDS ကျောင်း ရှင်းလင်း
01-May-2019



ရန်ကုန်၊ ဧပြီ ၃၀

လူမှုကွန်ရက်ပေါ်တွင် International Child Development School (ICDS) ကျောင်း၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ ဝေဖန်ပြောဆိုရေးသားနေမှုများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းခြင်း သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက တာမွေမြို့နယ်၊ မင်္ဂလာလမ်းရှိ အဆိုပါ ကျောင်းရုံးခန်း၌ ကျင်းပခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို “မွေးစမှ ခြောက်နှစ်အထိ မရှိမဖြစ်လိုအပ်သော ကလေးဖွံ့ဖြိုးရေး (Child Development) ကို ခြိမ်းခြောက်နေပြီဖြစ်သည့် Cyber Bully နှင့် Online တိုက်ခိုက်မှုအန္တရာယ်”ဟု အမည်ပေးထားပြီး ယင်းပွဲတွင် အဆိုပါကျောင်း၏ ကျောင်းအုပ် ဒေါ်ဆုရည်ကျော်၊ အထက်တန်းရှေ့နေ ဦးမျိုးဆွေနှင့် ကျောင်းသားမိဘများ တက်ရောက်ကာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့သည်။ 

“ကျွန်မအနေနဲ့ ဒီပွဲလုပ်ရတဲ့ အကြောင်းရင်းက ကလေးတွေကို ထိခိုက်နစ်နာမှု မဖြစ်စေချင်ဘူး။ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ အဲဒီအထဲကမှ အဓိကအခြေခံအကျဆုံးက Child Development ပညာရေး ဖြစ်တယ်။ အဲဒါကို ဒီလိုမျိုး Cyber Bully လုပ်တယ်ဆိုတာဟာ ကျွန်မအနေနဲ့ ကျွန်မကျောင်းရဲ့အခြေအနေတစ်ခုကို စိုးရိမ်လို့ လုပ်တာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှိသင့်တဲ့ Child Development ဆိုတဲ့ ပညာရေးတစ်ခုကို တိုက်ခိုက်လာတဲ့အတွက် ဒီဟာ လုံးဝမဖြစ်သင့်ပါဘူးဆိုတာ ရှင်းလင်းပြောကြားရခြင်း ဖြစ်ပါတယ်” ဟု အဆိုပါကျောင်း၏ ကျောင်းအုပ်ဖြစ်သူ ဒေါ်ဆုရည်ကျော်က ပြောကြားသည်။ 

မတ်လအတွင်းက ကျင်းပခဲ့သည့် အဆိုပါကျောင်း၏ ကျောင်းဆင်းပွဲတွင် ကျောင်း၌တက်ရောက်နေသည့် ကလေးမိဘများအတွက် ကျေးဇူးတင်လွှာကတ်ကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ယင်းကတ်၌ ရေးသားသုံးနှုန်းထားသည့် အင်္ဂလိပ်စကားလုံးအချို့ သုံးစွဲမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“အွန်လိုင်းပေါ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တင်ချလိုက်တယ်။ သူတို့ အသိလွဲတာက ကျောင်းဆင်းလက်မှတ်လို့ ထင်သွားကြတယ်။ တကယ်တော့ ကျေးဇူးတင်လွှာပါ။ အဲဒီမှာ ဘာပြောလဲဆိုတော့ ဒီကျောင်းကို မတက်သင့်ဘူးဆိုပြီး တိုက်ခိုက်လာကြတယ်။ ဒီတော့ ကျွန်မကျောင်းကို တချို့မိဘတွေကလည်း သံသယတွေ အများကြီးဖြစ်သွားတယ်။ Child Development ကို မတိုက်ခိုက်သင့်ဘူး။ တိုက်ခိုက်တဲ့အခါ ဘယ်သူပဲ ထိခိုက်နစ်နာမလဲဆိုတော့ ကလေးတွေပဲ ထိခိုက်နစ်နာမယ်” ဟု ဒေါ်ဆုရည်ကျော်က ဆက်လက်ပြောကြားသည်။ 

ယင်းကျောင်း၌ တက်ရောက်ပညာသင်ကြားနေသည့် ကလေးငယ်၏မိခင်ဖြစ်သူ ဒေါ်မေစံပယ်ကလည်း “ဒီကျောင်းမှာ Child Development လို့ပြောထားတဲ့အတွက် ကျွန်မတို့သမီးရဲ့ Development တွေ သိသိသာသာ တိုးတက်လာတဲ့အတွက် တအားကို ဝမ်းသာရပါတယ်။ ဒီ (The Best Parents) ဆုကို ပေးတဲ့အချိန်မှာ တီချယ်က ခွန်အားပေးတယ်လို့ပဲ သဘောထားပါတယ်။ စာရွက်ပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူး” ဟု ပြောဆိုသည်။

ယခုကဲ့သို့ စာရွက်စာတမ်းတစ်ခု၊ စကားလုံးတစ်ခုအပေါ် တိုက်ခိုက်မှုများကြောင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များ စိတ်ညှိုးနွမ်းရသည်ဆိုပါက ပြစ်မှုဆိုင်ရာပုဒ်မအရ တရားစွဲလို့ရသည့်အပြင် ကျောင်း၏အောင်မြင်မှုအရ တရားမနစ်နာမှုနှင့်လည်း တရားစွဲဆို၍ရကြောင်း အထက်တန်းရှေ့နေ ဦးမျိုးဆွေက ပြောကြားသည်။

E-03