News

POST TYPE

NEWS

တောင်ကြီးတွင် လေးလောင်းပြိုင် လူသတ်မှုဖြစ်
28-Apr-2019
ရန်ကုန်၊ ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကံသာရပ်ကွက် မင်္ဂလာလမ်းရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်တွင် လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေအိမ်မှ အိမ်ရှင်လင်မယားနှင့် ခုနစ်လအရွယ် ကလေးငယ်တစ်ဦး၊ အိမ်အကူ အမျိုးသမီးတစ်ဦး စုစုပေါင်းလေးဦး အသတ်ခံရသည်ကို ဧပြီ ၂၈ ရက် (ယနေ့) နံနက်ပိုင်းမှ သိရှိခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောကြားသည်။

“အိမ်ရှင်အမျိုးသားက အိမ်အပြင်မှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတယ်။ အိမ်ထဲမှာက အိမ်ရှင်အမျိုးသမီးကို လည်ပင်းမှာ ကြိုးနဲ့ပတ်ပြီးသတ်သွားတာ။ လသားကလေးက ငိုလို့ထင်တယ်။ မျက်နှာကို တဘက်နဲ့အုပ်ပြီး သတ်သွားတာ။ အိမ်ဖော်ကောင်မလေးရဲ့ အလောင်းကျနောက်စေ့မှာ ဒဏ်ရာတွေ့တယ်။ လူသတ်မှုကျူးလွန်သူက အိမ်ထဲမှာရှိတဲ့ ဘာပစ္စည်းကိုယူသွားလဲ ဆိုတာတော့ အသတ်ခံရတဲ့အိမ်ရှင်ရဲ့ အမေဖြစ်သူကို မေးကြည့်မှ သိရမယ်။ အမေဖြစ်သူက အခု ပင်လုံရောက်နေတယ်လို့ သိရတယ်”ဟု ယင်းအမျိုးသားက ရှင်းပြသည်။

လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည့် မြင်းဖြူနှစ်ကောင် ဆေးတိုက်တွင် ခွေးမွေးထားပြီး ညသန်းခေါင်အချိန်က ခွေးဟောင်သံကို ပတ်ဝန်းကျင်မှ ကြားမိခဲ့သော်လည်း လူသတ်မှုဖြစ်ပွားခဲ့သည်ကို ယနေ့ နံနက်တွင် ဆေးထုပ်ထုတ်ရန်ရောက်လာသည့် အမျိုးသမီးနှစ်ဦးမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကံသာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါလေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

S-03