News

POST TYPE

NEWS

ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ကြယ်ငါးပွင့်ဟိုတယ်များကို ဗုံးခွဲတိုက်ခိုက်မှုတွင် အလိုရှိနေသော အစွန်းရောက်အကြမ်းဖက်သမား ဟာရှင်းမ် သေဆုံးသွားခဲ့ကြောင်း အတည်ပြု
26-Apr-2019



ကိုလံဘို၊ ဧပြီ ၂၆

သီရိလင်္ကာသမ္မတ ဆီရီဆီးနားသည် နိုင်ငံတွင်းဖြစ်ပွားသွားခဲ့သော အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခဲ့မှုများတွင် အစိုးရဘက်က အလိုရှိနေသော အစွန်းရောက်အကြမ်းဖက်သမား ဇဟာရန် ဟာရှင်းမ် အသက်သေဆုံးသွားခဲ့သည်ဟု အတည်ပြုပြောကြားလိုက်ပြီဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။



ဟာရှင်းမ်သည် ယခုဖြစ်ပွားခဲ့သော အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုများအနက်မှနေ၍ တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ကြောင်း ရုပ်သံမှတ်တမ်း အထောက်အထားများကို ကြည့်ရှုစစ်ဆေးကာ သီရိလင်္ကာထောက်လှမ်းရေးဗဟိုက အတည်ပြုလိုက်နိုင်ပြီဖြစ်ပြီး ဟာရှင်းမ်မှာ သီရိလင်္ကာနိုင်ငံရှိ အကြမ်းဖက်အုပ်စုများ၏အဓိကခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုလည်း သမ္မတ ဆီရီဆီးနားက ရှင်းပြသွားခဲ့သည်။

ဟာရှင်းမ်သည် ကိုလံဘိုမြို့ရှိ ရှန်ဂရီလာဟိုတယ်ကို တိုက်ခိုက်မှုတွင် အယ်လ်ဟမ်း အီဘရာဟင် အမည်ရဗုံးသမားကို ကြီးကြပ်ကွပ်ကဲကာ ညွှန်ကြားချက်များ ပေးနေခဲ့ကြောင်း သီရိလင်္ကာထောက်လှမ်းရေးဗဟိုကလည်း သတင်းများထုတ်ပြန်ထားပြီဖြစ်ပြီး ဟာရှင်းမ်ကို သီရိလင်္ကာအစိုးရက ဖမ်းဝရမ်းထုတ်ထားသည်မှာ အချိန်များစွာ ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း ဖမ်းဆီးရမိခဲ့ခြင်း မရှိဘဲ ယခုဗုံးခွဲတိုက်ခိုက်မှုတွင်မှ အသက်သေဆုံးသွားခြင်းဖြစ်ပါကြောင်း သမ္မတ ဆီရီဆီးနားက ဆက်လက်အသိပေးသွားခဲ့သည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ကျရောက်ခဲ့သော အီစတာပွဲတော်ကာလတွင် သီရိလင်္ကာနိုင်ငံ၌ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ ၂၅၃ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း သီရိလင်္ကာအစိုးရက သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။

သီရိလင်္ကာရဲတပ်ဖွဲ့သည် လက်ရှိတွင် IS အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် အချိတ်အဆက်ရှိသည်ဟု ယူဆရသော လူ ၁၄၀ ခန့်ကို ဖမ်းဆီးရမိနိုင်စေရန် အပူတပြင်း ကြိုးပမ်းဆောင်ရွက်နေပြီး သီရိလင်္ကာနိုင်ငံရှိ လူငယ်များ အစွန်းရောက်အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ပတ်သက်မှုရှိလာခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကတည်းကပင်ဖြစ်သည်ဟုလည်း သမ္မတ ဆီရီဆီးနားက ပြောကြားသွားခဲ့သည်။

E-11