News

POST TYPE

NEWS

တနင်္သာရီတွင် သုံးနှစ်စာ ငှက်သိုက်ထုတ်ယူခွင့် မြန်မာ့စီးပွားရေးဦးပိုင် လုပ်ခွင့်ရ
26-Apr-2019
ထားဝယ်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း ပင်လယ်ပြင်ရှိ ကျွန်းများတွင် သုံးနှစ်စာ ငှက်သိုက်စု သိမ်းထုတ်ယူခွင့်ကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ငှက်သိုက်စု သိမ်းထုတ်ယူခွင့်အတွက် ပင်လယ်အတွင်းရှိ ကျွန်းအုပ်စု ၄ ခု (လပ်ပုံ ၄ ခု) ကို ဧပြီလ ဆန်းပိုင်းက အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။

အိတ်ဖွင့်တင်ဒါကို ကုမ္ပဏီ ၄ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လပ်ပုံ ၄ ခုစလုံး ကို ဦးကျော်သန်းဌေး (မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်) အမည်ဖြင့် ဈေးနှုန်းအမြင့် ဆုံးပေးကာ ဝယ်ယူခဲ့ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးက ဆိုသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ မော်စကို ကျွန်းအုပ်စုကို ငွေကျပ် ၂၅ သိန်း၊ ကျွန်းစု မြို့နယ်အတွင်းရှိ ရေအေးကျွန်းအုပ်စုကို ကျပ် ၅၄ သိန်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကဆိုင်းလှနှင့်ကော့ငါးကျွန်း အုပ်စုကို ငွေကျပ် သိန်းပေါင်း ၁၈၈၁၀ သိန်းဖြင့် တင်ဒါအောင်ခဲ့သည်။

ပုလောမြို့နယ်အတွင်းရှိ မလိကျွန်း အုပ်စုကို ကျပ်သိန်းပေါင်း ၂၅၀၀၂ သိန်း ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ဦးကျော်သန်းဌေးကပင် ဈေးအမြင့်ဆုံးပေးကာ တင်ဒါအောင်ခဲ့သည်။

ယခင်က ငှက်သိုက်စုသိမ်းထုတ်ယူခွင့်ကို တစ်နှစ်သက်တမ်းသာ တင်ဒါခေါ် ရောင်းချရာမှ ယခုနှစ်မှစတင်ကာ သုံးနှစ်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ငှက်သိုက်စုသိမ်းထုတ်ယူခွင့်ကို အချိန်တစ်နှစ်တည်းသာ ခွင့်ပြုစဉ်က ငှက်ကျွန်းများကို ပြုပြင်ထိန်းသိမ်းမှု အားနည်းသည့်အတွက် အချိန်သုံးနှစ်ခွင့် ပြုခဲ့ကြောင်း ဝန်ကြီးဦးလှထွေးက ဆိုသည်။

“တစ်နှစ်ပဲရတော့ တစ်နှစ်ကုန်ပြီး ရင် နောက်တစ်နှစ်သူ ရ/မရ မသေချာတော့ သူရဖို့အတွက်ပဲရှာတော့တယ်”ဟု ဦးလှထွေးက ပြောသည်။

ပြီးခဲ့သည့်နှစ်က တစ်နှစ်စာအတွက် မော်စကိုကျွန်းအုပ်စုကို ငွေကျပ် ၇ သိန်း၊ ရေအေးကျွန်းအုပ်စုကို ကျပ် ၁၆ သိန်းခွဲ၊ ကဆိုင်းလှနှင့်ကော့ငါးကျွန်း အုပ်စုကို ငွေကျပ် သိန်း ၇၂၀၀ နှင့် မလိကျွန်းအုပ်စုကို ကျပ်သိန်းပေါင်း ၁၂၆၀၀ ဖြင့်လည်းကောင်း မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ ဦးကျော် သန်းဌေးက ဈေးအမြင့်ဆုံးပေးခဲ့ကြောင်း တိုင်းသစ်တောထံမှ သိရသည်။

ကျွန်းများရှိ ငှက်သိုက်စုဆောင်း ထုတ်ယူခွင့်တင်ဒါမှ ရရှိသည့် ငွေကြေးကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေအဖြစ် ထည့်သွင်းသုံးစွဲကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။

ငှက်အမွေးပါသည့် ငှက်သိုက်တစ် ပိဿာလျှင် ကျပ်၂၅ သိန်း၊ အမွေးမပါ သည့် ငှက်သိုက်တစ်ပိဿာလျှင် ၃၆ သိန်း ပေါက်ဈေးရှိကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ သိရသည်။  

Dawei Watch


  • VIA