News

POST TYPE

NEWS

မဟာမုနိဘုရားမှ ရွှေမိုက် ၆ ပိဿာကျော်ရ
25-Apr-2019



မန္တလေး၊ ဧပြီ ၂၄

မန္တလေး မဟာမုနိဘုရားကြီးမှ ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေရာ ရွှေ ၆ ပိဿာကျော်ရရှိထားပြီးဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင် ပြုလုပ်နေရာ လက်ရှိအချိန်အထိ ရွှေ ၆ ပိဿာ ၈၀ ကျပ်သားခန့်ရရှိထားပြီး ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းများ မေလအတွင်း ပြီးစီးမည်ဖြစ်ကာ လုပ်ငန်းအားလုံးပြီးစီးပါက ရွှေ ၇ ပိဿာကျော်ရရှိမည်ဟုခန့်မှန်းထားကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောကြားသည်။

ရွှေမိုက်ထုတ်ခြင်းကို ရွှေလှောင်စက္ကူ၊ ခြေနင်းကော်ဇော၊ သစ်စေးသုတ်တံ၊ ခြေသုတ်ဝတ်၊ လက်သုတ်ပဝါ၊ မျက်နှာကြက် တော်လှည်းကျင်းရာမှရသော အထက်မြေမှုန်၊ ပလ္လင်တော်အောက်ကြမ်းပြင် လှည်းကျင်းရာမှရသော အောက်မြေမှုန်တို့မှ ရွှေမိုက်ထုတ်ရကြောင်း၊ ၂၀၁၅ ခုနှစ်က ရွှေမိုက် ၆ ပိဿာကျော်၊ ၂၀၁၆ ခုနှစ်က ၇ ပိဿာကျော်၊ ၂၀၁၇ ခုနှစ်က ရွှေမိုက် ၇ ပိဿာနီးပါးထွက်ရှိခဲ့ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

၂၀၁၈ ခုနှစ်က ကျောင်းတော်ကြီး၏ ရာမလက်ညှိုးထိုး၊ ပြာသာဒ်တော်ကြီး ဘုံခုနစ်ဆင့်၊ ဘုံသုံးဆင့်၊ ဇင်ပန်းခွေ၊ စေတီရံ၊ ညောင်ရေအိုးစသည်တို့မှ ရွှေမိုက်ထုတ်ယူခဲ့ရာ ရွှေပိဿာချိန် ၁၆ ပိဿာကျော် စံချိန်တင်ရရှိခဲ့သည်။ 

M-05