News

POST TYPE

NEWS

ငါးဒိုင်တွင် ငါးလာရောင်းသူကို လူရှစ်ဦးက ဓားဖြင့်ခုတ်၊ တုတ်ဖြင့်ရိုက်
25-Apr-2019

ရန်ကုန် ၊ ဧပြီ ၂၄

လှိုင်သာယာမြို့နယ် ဒိုင်းစုကျေးရွာရှိ ငါးဒိုင်တွင် ငါးလာရောင်းသည့် အမျိုးသားတစ်ဦးကို လူရှစ်ဦးက ဓားဖြင့် ခုတ်၊ တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

ထိခိုက်ဒဏ်ရာရရှိခဲ့သူ အသက် ၂၉ နှစ် ကိုရဲစိုးမှာ ဒိုင်စုကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ဧပြီလ ၂၁ ရက် နံနက်ပိုင်းက ၎င်းဖမ်းလာသည့်ငါးများကို ဘုန်းကြီးကျောင်းဆိပ်ကမ်းရှိ ငါးဒိုင်တွင် သွားရောင်းစဉ် ငါးဒိုင်ပိုင်ရှင် ဒေါ်နွဲ့နွဲ့စန်း အပါအဝင် ရှစ်ဦးက ဓားဖြင့် ခုတ်၊ တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“သင်္ကြန်မှာ ကခုန်ဆော့ကစားရင်းနဲ့ တစ်ယောက်တစ်ခွန်း စကားများတဲ့ကိစ္စကို မကျေနပ်လို့ ငါးလာရောင်းတဲ့ အမျိုးသားကို ငါးဒိုင်ပိုင်ရှင်မိသားစု အပါအဝင် ရှစ်ဦးက ဝိုင်းပြီး တုတ်၊ ဓား လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ တိုင်ချက်အရ သိရတယ်။ အမှုကို ဧပြီလ ၂၂ ရက်နေ့မှာ လက်ခံဖွင့်လှစ်ပေးထားပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူ ဖို့ စုံစမ်းဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

အမှုဖွင့်ခံရသူ ရှစ်ဦးမှာ ငါးဒိုင်ပိုင်ရှင် ဒေါ်နွဲ့နွဲ့စန်းနှင့် ၎င်း၏ဦးလေးဖြစ်သူ ချိုပြုံး (စိစစ်ဆဲ)၊ ၎င်း၏သားဖြစ်သူ ဝင်းမောင် (စိစစ်ဆဲ)၊ ဝင်းမြင့် (စိစစ်ဆဲ)၊ ကျော်ကြီး (စိစစ်ဆဲ)၊ ကုလားကြီး (ခ) ကိုသန့် (စိစစ်ဆဲ)၊ မျိုးဝင်း (စိစစ်ဆဲ) နှင့် အောင်ဆန်းဦး (စိစစ်ဆဲ) တို့ဖြစ်ပြီး ၎င်းတို့ကို လှိုင်သာယာမြို့မရဲစခန်းက (ပ) ၂၄၂၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။

S-03